Home
မြန်မာသတင်း
ဖားကန့်ရတနာနယ်မြေတွင် ကိုဗစ်-၁၉ ကာကွယ်မှုဆိုင်ရာ စည်းကမ်းချက်များ ဖြေလျှော့ပေး
DVB
·
July 1, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရတနာနယ်မြေကို ဝင်ရောက်သွားလာမှုတွေနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်မှုဆိုင်ရာ စည်းကမ်းချက် တချို့ကို ဇူလိုင် ၁ ရက်နေ့က စပြီး ဖြေလျှော့လိုက်ပြီလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးက သိရပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဖားကန့်-လုံးခင်း ရတနာ နယ်မြေသို့ ဧည့်သည် ဝင်ရောက်လာမှုကို မတ်လက စပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်မှုဆိုင်ရာ စည်းကမ်းချက်တွေနဲ့ အညီ ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဖားကန့် ရတနာနယ်မြေကို ဝင်ရောက်လာမယ်ဆိုရင် ဖားကန့်မြို့နယ် မှတ်ပုံတင်ရှိသူ၊ ဖားကန့်မြို့နယ်မှာ အမြဲနေထိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာပါရှိရမှာဖြစ်သလို ဖားကန့်မြို့နယ်မှာ နေထိုင်ကြောင်း သက်သေပြနိုင်တဲ့ ယာယီအိမ်ထောင်စု သို့မဟုတ် ပတ်ကား အိမ်ထောင်စု ရှိသူ၊ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ ထောက်ခံတဲ့ ကုမ္ပဏီဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေကိုသာ ဝင်ရောက်ခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။  ဇူလိုင် ၁ ရက်နေ့ကစပြီး အဆိုပါ ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးလိုက်ပြီလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။  "ထောက်ခံစာ စိစစ်တဲ့ ကိစ္စတွေ၊ ဖားကန့်မြို့နယ် မှတ်ပုံတင်စိစစ်တဲ့ ကိစ္စတွေ မလုပ်တော့ဘူး။ အားလုံးကို ဘာအထောက်အထားမှ မလိုပဲ ဝင်ခွင့်ပြုလိုက်ပြီ။” အထောက်အထားမလိုဘဲ ဖားကန့်ရတနာနယ်မြေကို အရင်ကလို သတ်မှတ်ထားတဲ့ စာရွက်စာတမ်းအထောက်အထားတွေ ယူစရာမလိုပေမယ့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်မှု ဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။  "ကိုယ်ပူချိန်တိုင်းတာမျိုး အပါအဝင် အခြားအခြားသော ကျန်းမာရေးစစ်ဆေးမှုတွေတော့ ဆက်လုပ်သွားမှာပါ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့ ကျန်းမာရေးဌာနတော့ ရှိနေအုံးမှာပါ"လို့ အထွေထွေအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောပါတယ်။ အခုလိုဖြေလျှော့မှုနဲ့ပတ်သက်ပြီး ဖားကန့်မြို့မိမြို့ဖ ဦးဇော်လတ်ပြောပြတာကတော့ "အားလုံးကို ဝင်ခိုင်းတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒို့ဆီမှာက ကျန်းမာရေးပိုင်းက အားနည်း၊ ဆေးဝါးကလည်းရှားပါးဒါလေးတော့နည်းနည်းရှိတာပေါ့။ ရောဂါဖြစ်နေတဲ့ မြို့နယ်တွေက လူတွေကိုတော့ အရင်လို ကန့်သတ်ထားစေချင်တယ်။ ကျန်တဲ့လူတွေကိုတော့ ဒီတိုင်းဝင်ထွက်သွားလာခိုင်း ကောင်းပါတယ် "လို့ သူ့အမြင်ကို ပြောပါတယ်။ ဖားကန့်မြို့နယ် ဖားကန့်-လုံးခင်း ရတနာနယ်မြေအတွင်း နေ့စဉ် လူဦးရေထောင်ချီ ဝင်ရောက်နေတာဖြစ်ပြီး မနေ့က ဇွန် ၃၀ ရက်နေ့အထိ လူပေါင်း ၁၀၄၆ ယောက် ဝင်ရောက်လာ ခဲ့တယ်လို့  လယ်ပြင်စစ်ဆေးရေးဂိတ်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း- ဇော်မိုးထက် (ဖားကန့်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024