ခိုအာလာဝက်ဝံများ မျိုးမတုံးစေရန် ကူညီထိန်းသိမ်းမှု လိုအပ်
DVB
·
July 1, 2020
သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်က ခိုအာလာဝက်ဝံတွေဟာ ကူညီထိန်းသိမ်းမှု မရှိရင် လာမယ့် ၂၀၅၀ လောက်မှာ မျိုးတုံးသွားနိုင်တယ်လို့ လွှတ်တော် စုံစမ်းရေးက ဇွန် ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
မိုးခေါင်မှုနဲ့ နေထိုင်ရာနေရာ ဖျက်ဆီးခံရတာကြောင့် ခိုအာလာ ဝက်ဝံကောင်ရေဟာ မျိုးတုံးစာရင်းဝင်သွားနိုင်တယ်လို့ အစီရင်ခံစာက တွေ့ရှိပါတယ်။
မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ သြစတြေးလျ သမိုင်းမှာ အဆိုးဆုံး တောမီးကလည်း အထူးသဖြင့် ပြည်နယ်တွင်းက ခိုအာလာ ဝက်ဝံကောင်ရေကို လျော့နည်းစေပြီး မျိုးတုံးစေမယ့် ရာခိုင်နှုန်းကို တိုးစေတယ်လို့ တစ်နှစ်ကြာပြုလုပ်တဲ့ စုံစမ်းရေးက ဆိုပါတယ်။
တောမီးဟာ ခိုအာလာကောင်ရေပေါ်မှာ သက်ရောက်မှုရှိလား ဆိုတာကို ကော်မတီက မဆုံးဖြတ်နိုင်ပေမဲ့ နယူးဆောက်ဝေးပြည်နယ်ရဲ့ နေရာတချို့မှာ ခိုအာလာတို့ရဲ့ စားကျက် ၈၁ ရာခိုင်နှုန်း ပျောက်ဆုံးထားတယ်ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။
ဒါ့အပြင် စုံစမ်းရေးအစီရင်ခံစာက ခိုအာလာကောင်ရေ ပြန်တိုးလာစေဖို့ ပြည်နယ်အစိုးရ ဆောင်ရွက်နိုင်တဲ့ အကြံပြုချက် ၄၂ ချက်ကိုလည်း အနှစ်ချုပ် ဖော်ပြခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။