ပရီးမီးယားလိဂ် ကစားသမားများနှင့် ဝန်ထမ်းများ ဆေးစစ်မှုတွင် ကိုဗစ်-၁၉ လူနာ ၁ ဦး တွေ့ရှိ

ပရီးမီးယားလိဂ် ကစားသမားနဲ့ဝန်ထမ်းတွေကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုမှာ လူ ၁ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရတယ်လို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ ဇွန် ၂၂ ရက်က စတင်တဲ့ တစ်ပတ်အတွင်း ပရီးမီးယားလိဂ်ကလပ်တွေက ကစားသမားနဲ့ ဝန်ထမ်း ၂၂၅၀ ဦးကို ကိုဗစ်-၁၉ ဆေးစစ်မှု လုပ်ဆောင်ခဲ့တာပါ။ ဒါဟာ ဆေးစစ်မှုတွေ စတင်ခဲ့ပြီးနောက် ၁၁ ကြိမ်မြောက် ဆေးစစ်မှုဖြစ်ကာ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ဆေးစစ်မှုလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပိုးတွေ့သူဟာ ဘယ်သူဘယ်ဝါလဲဆိုတာကို တာဝန်ရှိသူတွေက ထုတ်ပြန်ထားခြင်းမရှိသလို အသင်းတွေဘက်ကလည်း ပိုးတွေ့သူဟာ သူတို့အသင်းကပါလို့ ကြေညာထားခြင်း မရှိသေးပါဘူး။  ပရီးမီးယားလိဂ်ကလပ်တွေဟာ တစ်ပတ်ကို နှစ်ကြိမ် ဆေးစစ်ရတာဖြစ်ပြီး ဒီရလဒ်တွေကို တနင်္လာနေ့တိုင်း ထုတ်ပြန်ပေးရပါတယ်။ မေလက စတင်ခဲ့တဲ့ ဆေးစစ်မှုတွေအတွင်း စုစုပေါင်း အကြိမ်ရေ ၁၄၃၀၇ ကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့ပြီဖြစ်ကာ အဲဒီထဲကမှ လူ ၁၉ ဦးမှာပဲ ပိုးတွေ့ခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ဆေးစစ်မှုတွေကို ရာသီကုန်ဆုံးချိန်အထိ ဆောင်ရွက်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ အခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အဆုံးသတ်ဖို့ ၆ ပွဲ၊ ၇ ပွဲသာ ကျန်ရှိတော့တာ ဖြစ်ပြီးတော့ လီဗာပူးအသင်းက ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပေမယ့် ဥရောပပြိုင်ပွဲ ဝင်ရောက်ခွင့်နဲ့ တန်းဆင်းဇုန်အတွင်း အခြေအနေတွေကတော့ အခုထိ အဖြေမပေါ်သေးတဲ့ အနေအထားမှာပဲ ရှိနေသေးပါတယ်။ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ချန်ပီယံပြိုင်ပွဲ ဝင်ရောက်ဖို့အတွက် သေချာသွားခဲ့ပြီ ဖြစ်ပေမယ့် ကျန်ရှိနေသေးတဲ့ နှစ်နေရာကို ချဲလ်ဆီး၊ လက်စတာ၊ ဝုဗ်၊ စပါးနဲ့ ယူနိုက်တက်အသင်းတို့က အပြိုင်လုရမှာ ဖြစ်ပါတယ်။ တန်းဆင်းဇုန်ဘက်ကို ကြည့်မယ်ဆိုရင်လည်း ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ ဗီလာ၊ ဝတ်ဖို့ဒ်၊ ဘရိုက်တန်အသင်းတို့က ပရီးမီးယားလိဂ်မှာ ဆက်ရှိနေရေးအတွက် ပွဲကျန်တွေမှာ အားကုန်ထုတ် ကစားသွားရမှာပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up