Home
မေးမြန်းခန်း
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် DVB မေးမြန်းချက် 
အောင်သူ
·
June 30, 2020
ကရင်ပြည်နယ်အတွင်း အန်အယ်လ်ဒီအစိုးရ သက်တမ်းကာလ  ဆောင်ရွက်ချက်တွေ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး အခြေအနေအနေ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အလားအလာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲ စိန်ခေါ်မှုတွေအကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဒီဗွီဘီ သတင်းထောက် အောင်သူက အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံ-  မေး - “ပထမဆုံးအနေနဲ့ ကျနော်မေးချင်တာက ဝန်ကြီးချုပ်အနေနဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက်ပေါ့နော်။ ကရင်ပြည်နယ် မဲဆန္ဒနယ်ကနေ ထပ်ပြီးတော့ ရွေးကောက်ပွဲဝင်မယ့် သတင်းစကားတွေ ကျနော်တို့ ကြားရတယ်ပေါ့နော်။ နောက်ထပ်တကြိမ် ရွေးကောက်ပွဲ ထပ်ဝင်ဖြစ်ရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ။”   ဖြေ - “ပြန်ပြီးဝင်ရတဲ့ အကြောင်းရင်းကတော့ ကျမတို့ လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေက ထိထိရောက်ရောက်မှ မပြီးသေးဘဲနော်။ အဲဒါကြောင့် ပြန်ပြီးတော့ ဆက်ပြီးတော့ ဝင်ရတာပဲ။” မေး  - “ထိထိရောက်ရောက် မပြီးသေးဘူးဆိုတဲ့ အကြောင်းအရာက ဘယ်လိုပုံစံမျိုးတွေ ဆက်ပြီးတော့ ကျန်ခဲ့သေးလို့လည်း ခင်ဗျ။ နောက်ပြီးတော့ အခုက ပြည်နယ်ကနေဆက်ပြီးတော့ ဝင်တယ်ဆိုတော့ ဝန်ကြီးချုပ်သက်တမ်း ဆက်ပြီးတော့ ထမ်းဆောင်ဖို့ ရှိတယ်လို့ ပြောဆိုလိုက်တာလား။” ဖြေ - “ကျမကတော့ ကိုယ့်ဘက်ကစီစဉ်ထားတာပေါ့။  ဟိုဘက်ကတော့ ကိုယ့်ကို စီစဉ်ထားလား၊ မစီစဉ်ထားလားဆိုတာ သေချာတော့ မသိရဘူးလေ။ ဘာပဲဖြစ်ဖြစ် ကျမတို့ဘက်ကတော့ ကြိုပြီးစီစဉ်ထားပါတယ်။ ဘာတွေမပြီးသေးဘူးလဲဆိုတော့ ၁၀၀ ရာခိုင်နှုန်းပြည့်က ကျမတို့ ရည်မှန်းထားတဲ့အတိုင်း မဖြစ်သေးဘူး။ အဲတော့ ၁၀၀ ရာခိုင်နှုန်း လိုချင်တာ မရလည်း ၈၀၊ ၉၀ လောက်ဆိုလည်း မဆိုးဘူးပေါ့နော်။ မှန်းတာထက်ကို။”  မေး - “ လေးနှစ်ကျော် ငါးနှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေလည်း ရှိတယ်။ ဒေသခံတွေရဲ့ ဝေဖန်မှုတွေလည်း အများကြီးရှိတယ်။ လုပ်ဆောင်ချက်တွေမှာ ပြန်ပြီးသုံးသပ်မယ် ဆိုရင် ဘယ်လောက်ထိ ရာခိုင်နှုန်းထိ ဖော်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါသလဲ။” ဖြေ - “စီမံကိန်းတိုင်းကတော့ ဘယ်စီမံကိန်းမှ ရာနှုန်းပြည့်ထောက်ခံတာ မတွေ့ဖူးပါဘူးနော်။ ဒီမိုကရေစီမှာလည်း ဒီလိုလည်း မရှိပါဘူး။ အဲဒီတော့ ကျမတို့ ကြိုးစားယူကြရတာပေါ့။ စီမံကိန်းက ဖြစ်သင့်ဖြစ်ထိုက်တာတွေကို။ တခါတလေကျလို့ရှိရင် ဖြစ်သင့်ဖြစ်ထိုက်တာကို သူတို့တွေက သိသိကြီးနဲ့လည်း လောဘပဲ ပြောမလား၊ ရလိုမှုတွေ များတယ်လို့ပဲ ပြောရမလား။ ဒီလိုမျိုးတွေလည်း အမှားအယွင်းတွေ ရှိတာပေါ့နော်။ တရားဥပဒေစိုးမိုးရေးကို  ကျော်လွန်ပြီး လုပ်ကိုင်ဆောင်ရွက်တာတွေ တွေ့ရတာပေါ့နော်။ ကျမတို့ဘက်ကတော့ ကျမတို့ တတ်နိုင်တဲ့ဟာကို လူထုဘက်က ပြောသံဆိုသံတွေ ကြားတယ်ဆိုတာကတော့ အများစုကတော့ ကျမတို့ လုပ်ဆောင်ချက်ကို လက်ခံပါတယ်။ ဘာလို့ဆို ကျမတို့ သူတို့ ပြန်ပြီးအခြေတကျဖြစ်ဖို့ လုပ်ပေးတာ စီမံကိန်းတွေ ဖော်ဆောင်ပေးတာပေါ့နော်။ အဲဒီလိုမျိုးကျတော့ အနည်းစုလောက်ပဲလို့ ကျမ ထင်ပါတယ်။ သုတေသနလုပ်ပြီးပြောရင်တော့ မသိဘူးပေါ့နော်။ သာမန်ကြည့်ပြီး ပြောရရင်တော့ စီမံကိန်းတစ်ခုလုံး ပျက်သွားတဲ့အထိတော့ မရှိသေးပါဘူး။”   မေး - “အခုလက်ရှိ ဝန်ကြီးချုပ်အနေနဲ့ ပြည်နယ်မှာ လုပ်ကိုင်တဲ့လုပ်ငန်းတွေထဲမှာ ထိထိရောက်ရောက် အောင်မြင်သွားတဲ့ စီမံကိန်းကို ပြောပြပါဆိုရင် ဘယ်လိုစီမံကိန်းမျိုးတွေက လူထုထောက်ခံတဲ့စီမံကိန်းတွေ ဖြစ်မလဲ။” ဖြေ - “ကျမတို့က နဂိုကတည်းက စီးပွားရေးမူဝါဒ ချထားတယ်လေ။ စီးပွားရေးမူဝါဒထဲမှာ ပထမဦးစားပေးက လျှပ်စစ်မီးရရှိရေး။ ကျမတို့ အရင်တုန်းက ရထားတာ မြန်မာတနိုင်ငံလုံးနဲ့  ဆိုရင်  ၆ ရာခိုင်နှုန်းပေါ့။ ကရင်ပြည်နယ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ အရင်တုန်းက ကရင်ပြည်နယ်လူထုရဲ့  ၂၀ ရာခိုင်နှုန်းကျော်လောက်က မီး ရထားတာ။ အခုကျမတို့က ၄၇ ရာနှုန်း၊  ၅ နှစ်အတိ ပြည့်မယ်ဆိုရင်  ၅၀ ရာခိုင်နှုန်း ရနိုင်တယ်။  အမှန်တကယ် အကျိုးပြုတဲ့ လျှပ်စစ်မီးကို ၅၀ ရာခိုင်နှုန်း ရမယ်။ တတိုင်းပြည်လုံးရဲ့ အတိုင်းတာနဲ့ဆို ၅၀ ကျော်သွားပြီ။ ကျမတို့ ပြည်နယ်အတွက်က ၄၈ ဒသမ ၈ ဆိုတော့ အခုက ကျမတို့က ပြန်ပြီးဖြည့်ဆည်းတာရယ်၊ နောက်ပိုင်းလုပ်တာနဲ့ဆိုရင်  ကျမတို့လည်း ၅၀ ရာခိုင်နှုန်း ရောက်သွားမယ်။” မေး - “ဝန်ကြီးချုပ်အနေနဲ့ အခုဆိုရင် ရွေးကောက်ပွဲကလည်း စတော့မှာပေါ့လေ။ အန်အယ်လ်ဒီပါတီလည်း ရွေးကောက်ပွဲဝင်ဖို့အတွက် မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေလည်း စနေပြီလေ။  မြို့ခံလူထုရဲ့ ၂၀၁၅ မှာတုန်းက  ပါတီပေါ်မှာ ထောက်ခံမှုနဲ့ အခု ၂၀၂၀ မှာ အစိုးရလည်း လုပ်ခဲ့ပြီးပြီဆိုတော့ လူထုထောက်ခံမှုမှာ ဘာတွေ ကွာခြားသွားမယ်လို့ ထင်လဲ။” ဖြေ - “ကျမ ထင်တယ်။ လူထုတွေက ဟိုးအရင်တုန်းကတော့ တစ်ခုခုကို ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒနဲ့ ဆောင်ရွက်တာ။ ဒီတခေါက်ကတော့ ကျမတို့ရဲ့ စွမ်းဆောင်ရည်ကို တကယ် ယုံကြည်လို့ ထောက်ခံတာပဲ ဖြစ်တယ်။ သူတို့စိတ်ထဲမှာ မယုံကြည်ဘူးဆို သူတို့ မဲမပေးတော့ဘူးလေ။ ဘာလို့ဆို သူတို့မျက်မြင်တွေ့နေရတယ်။ လူထုကပေးမယ့် ဒီမဲဟာ တကယ်ယုံကြည်မှပဲ စစ်မှန်တဲ့မဲ ဖြစ်မှာပေါ့နော်။ ကျမတို့ရဲ့ စွမ်းဆောင်ရည်ပေါ်မှာ တကယ်ယုံကြည်လို့ ထောက်ခံတာပဲ ဖြစ်မယ်။ လူထုကလည်း သူတို့စိတ်ထဲမှာ မကျေနပ်ရင် သူတို့ပေးမှာ မဟုတ်ဘူး။ သူတို့မျက်စိရဲ့ အမြင်အတိုင်းပဲ သူတို့ ဆုံးဖြတ်မှာ ဖြစ်တယ်။” မေး - “၂၀၂၀ မှာ ပြည်သူ့ဆီကမဲက ၂၀၁၅ တုန်းကလိုပဲ ထောက်ခံမှုတွေ ရှိနေဦးမယ်လို့ ဝန်ကြီးချုပ် ထင်ပါသလားခင်ဗျ။” ဖြေ - “ကျမ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့ဟာ ၂၀၁၅ မတိုင်ခင်က ပြည်နယ်ရဲ့ အနေအထားပေါ့နော်။ အခု ၄ နှစ်ကျော် ၅ နှစ်အတွင်းမှာ  ကျမတို့ဆီမှာ ဌာန ၂၆ ခုရှိတယ်။ ဌာနအားလုံးရဲ့စစ်တမ်းကို ကျမတို့က အခြေအနေ တောင်းယူလိုက်တယ်။ အခြေအနေ ကြည့်လိုက်တဲ့ခါ ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် ဟိုးအရင် ၅ နှစ်တုန်းက ၁၀ နှစ်တုန်းကထက် အကုန်လုံး သာတယ်။ တချို့ဟာတွေဆို ၂ ဆကျော်တယ်။  ကွာဟချက်တွေ ရှိတယ်။ အဲတော့ ခုနက မေးခွန်းကို ပြန်ကောက်ရမယ်ဆိုရင်  ကျမတော့ ယုံကြည်မှုရှိတယ်။” မေး - “လွန်ခဲ့တဲ့ ၂ လကျော် ၃ လတုန်းက ကျနော်တို့သတင်းဌာနက ပရိုဂရမ်အသစ်တစ်ခု ထပ်လုပ်တယ်ပေါ့နော်။ ၂၀၂၀ Election Bus ဆိုတဲ့ ပရိုဂရမ်နဲ့ ကျနော်တို့ ဘားအံကို ရောက်တဲ့အခါမှာ ဒေသခံပြည်သူ ၁၀၀ လောက်နဲ့ ကျနော်တို့ စစ်တမ်းကောက်ခဲ့တယ်။ အဲဒီမှာ လူထုရဲ့ထောက်ခံမှုက ကျနော်တို့ လူ ၁၀၀ လောက်နဲ့ တွေ့ခဲ့ပြီး ထွက်လာတဲ့ရလဒ်က ဘာလဲဆိုတော့ မြို့ခံလူက ပြည်နယ်အစိုးရရဲ့ လုပ်ကိုင်မှုပေါ်မှာ အားရကျေနပ်မှုရှိတဲ့ အချိုးအစား  ရာခိုင်နှုန်းက အရမ်းနည်းတယ်ပေါ့နော်။ ဒါက ပြည်သူတွေရဲ့ အစိုးရပေါ် မြင်တဲ့အမြင်က ဘာကြောင့်လို့ ဝန်ကြီးချုပ် ထင်ပါသလဲခင်ဗျာ။” ဖြေ - “ပထဝီအနေအထား ကွာတယ်နဲ့တူတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လည်း လူထုစစ်တမ်းကောက်ထားတယ်။  ပြီးတော့ ပြည်နယ်အလိုက် ဘယ်သူက အားနည်းလဲ ဆိုတာ တင်ပြထားတာရှိတယ်။ ကျမတို့ဘက်ကတော့ အခြေအနေကကောင်းတဲ့ဘက်မှာ ရှိတာပေါ့။ သိပ်ပြီးတော့ ဆိုးဆိုးရွားရွားမရှိဘူး။ ပြီးတော့ ကျမထင်တာ နေရာဒေသ ကွာပါလိမ့်မယ်။ ကျမတို့ပေါ်မှာ အမြင်မကြည်တဲ့နေရာဒေသလည်း ရှိမယ်ပေါ့။ တချို့ဟာတွေလည်း  နေရာဒေသပေါ် မူတည်ပြီးမှ မေးတယ်ဆိုရင် ထောက်ခံမှုကတော့ ကျမတို့ဘက်က ရှိမှာပေါ့။ အဲဒီတော့ မေးတဲ့ခါမှာ တကယ်ပဲ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မလားဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်၊ ကျမအမြင်ကတော့ ကျမတို့ကို လူထုထောက်ခံမှုရှိတယ်လို့ပဲ ယုံကြည်တယ်တယ်။” မေး - “ကိုယ်စားလှယ်နဲ့ပတ်သက်ပြီးတော့ အများစု တွေ့ဆုံခဲ့သူတွေကို မေးတော့လည်း ဒီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းဆောင်မှုအပေါ်မှာ လူထုကနေပြီးတော့ သိပ်အားမလိုအားမရ ဖြစ်တယ် ဆိုတဲ့ပုံစံမျိုးတွေလည်း ကြားလာရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့  ကိုယ်စားလှယ်လောင်း ရွေးချယ်တုန်းက လူထုနဲ့နီးစပ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတော့  လူထုနဲ့ အရမ်းကင်းကွာသွားတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်လာတော့လေ ၂၀၂၀ မှာ ဝန်ကြီးချုပ်တို့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြန်ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ လူထုကနေ မဲပေးချင်တဲ့ ယုံကြည်မှု ထပ်ပြီးတော့ရှိအောင် ဘယ်လိုပုံစံမျိုး လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်ကို ဝန်ကြီးချုပ်တို့ target ထားပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့  ရည်ရွယ်ထားကြသလဲ။” ဖြေ - “ကျမတို့ သိထားတာကတော့ ကျမတို့ပါတီက ကျမတို့ ကိုယ်စားလှယ်လောင်းတွေက လစဉ်ပုံမှန်လူထုနဲ့ ထိတွေ့မှုတွေကို အမြဲအစီရင်ခံစာ ရပါတယ်။ အဲဒီလို အစီရင်ခံတဲ့ဟာက ကိုယ့်သဘောနဲ့ကိုယ် အစီရင်ခံလိုက်တော့ မြို့နယ်တွေက အမှန်တကယ်လုပ်တဲ့လူကိုပဲ ထောက်ခံပေးတယ်။ တချို့ကတော့ တကယ် မဆင်းဘူးပေါ့။ တချို့ကတော့ အမှန်တကယ် ဆင်းပါတယ်။ ကျမတို့ကတော့ လူထုထဲကို မဆင်းဘူးလို့ ပြောရင် ကျမတို့ကို ရေးပေးလို့။ ကိုယ့်အပြစ်လို့။ အခု ကျမတို့ လွှတ်တော် တော်တော်များများက ရေရှားပါးတဲ့အချိန်မှာ  ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုနဲ့ ကျေးရွာတွေအရောက်မှာ မထိတွေ့ဘူးဆိုတာတော့ မဖြစ်နိုင်ဘူးနဲ့တူတယ်။ တော်တော်များများကို ကွင်းဆင်းဆောင်ရွက်မှုရှိတယ်။ မထိတွေ့ဘူး၊ မလုပ်ကိုင်ဘူးလို့ ပြောရင်တော့လည်း ကျမတို့လည်း မသိဘူးပေါ့လေ။ ကိုယ်မြင်တာတော့ ကိုယ့်လူတွေကတော့ တော်တော်များများကို ကျေးရွာတွေကို ရေရှားရင် ရှားသလို၊ အကူအညီတောင်းရင် တောင်းသလို ကျေးရွာတွေ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ပြည်နယ်လွှတ်တော်ကတော့ အများအားဖြင့် ကျမတို့ ကရင်ပြည်နယ်က နဂိုကတည်းက နည်းတယ်လေ။ ပြည်နယ်လွှတ်တော်မှာ ရှိတဲ့လူတွေက အစိုးရအဖွဲ့မှာ ဝင်သွားတာ များတယ်။ အစိုးရအဖွဲ့က အစိုးရကဏ္ဍအလိုက် ဆင်းတာတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကွင်းဆင်းဖို့ အင်အားနည်းတယ်ဆိုတာတော့ ကျမကတော့ စဉ်းစားတယ်။ မဟုတ်ဘူးနဲ့ တူတယ်နော်။”  “အဲဒီတော့ ဘယ်နေရာက ပြောနေတာလဲဆိုတာတော့ သိချင်တယ်။ ကျမတို့ဆိုရင် အခုလူထုထဲမှာ  တစ်ထောင် ပေးရတဲ့ဟာဆိုရင် ကျမတို့ကိုယ်တိုင် ဆင်းပေးတယ်။ အခုလောလောဆယ် သုံးသောင်း ပေးတယ်ဆိုတဲ့ဟာ ကျမတို့ ရတဲ့အချိန် ဆင်းတယ်။ ပြည်သူ့လွှတ်တော်ရော အမျိုးသားလွှတ်တော်ရော အားရင်အားသလို အကုန်လုံး သူတို့ဆင်းလာတဲ့အချိန်မှာ အချိန်ပြည့်ပဲ ဆောင်ရွက်ပေးတယ်ဆိုတော့ ကျမတို့ ခံယူထားတာနဲ့ လွဲနေလားမသိဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ပြည်သူက ကျမတို့ဆင်းရင် ဒါ ကျမတို့ရဲ့ ကြိုးစားမှုအားထုတ်မှုနည်းရင် မဲမပေးဘူးပေါ့နော်။ ဒါကတော့ ရွေးကောက်ပွဲကျမှပဲ။ ကျမတို့ ထင်နေတာနဲ့ ဒီဗွီဘီက ထင်နေတဲ့ဟာ ဘယ်သူမှန်မလဲ ကြည့်ရတာပေါ့နော်။” မေး - “ဝန်ကြီးချုပ်ကို နောက်ထပ်တစ်ခု ထပ်မေးချင်တာကလေ။ ကရင်ပြည်နယ်မှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်ရဲ့ ထိန်းချုပ်ဧရိယာရှိတယ်ပေါ့လေ။ အခုလာမယ့်ရွေးကောက်ပွဲမှာ ဆိုရင်လည်းပဲ ဒီဧရိယာက သူတွေရဲ့ မဲပေးခွင့်ရှိရေးအတွက်လည်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တဲ့အခါမှာ လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် သူတို့ စီစဉ်ထားတဲ့ အနေအထားတွေ ရှိတယ်ပေါ့လေ။ အဲဒီတော့ အဲဒီဒေသက ပြည်သူတွေရဲ့ လုံခြုံရေးတွေ၊ ပြီးတော့ သူတို့ဒေသရဲ့ စားဝတ်နေရေးတွေကို ပြည်နယ်အစိုးရအနေနဲ့ ဆောင်ရွက်ပေးတဲ့အခါမှာ ဘယ်လို အခက်အခဲမျိုးတွေနဲ့ ဆောင်ရွက်ရတဲ့ ခက်ခဲတဲ့ အနေအထားတွေ ရှိသလဲ။”  ဖြေ - “ရှိတယ်ဆိုတာ ကျမတို့က ဒေသတွေအတွက် တကယ်အကျိုးရှိတဲ့လုပ်ငန်းတွေ သွားလုပ်ပေးတာပေါ့နော်။ ကျောင်းတို့လို၊ ဆေးရုံတို့လို ရေကြီးတဲ့ခါ စားနပ်ရိက္ခာ သွားပို့တာတို့၊ သူတို့ ကျန်းမာရေး ထိခိုက်လို့ ဆေးပညာတွေဝေဖို့ သွားတာတွေ၊ အဲလိုဟာမျိုးတွေ အကာအကွယ်ပေးတာ အနှောင့်အယှက်များပါတယ်။ ဒါပေမဲ့ ကျမ ထင်တယ်၊ ကိုယ်လည်း မကုပေးနိုင်ဘူး၊ ကိုယ်လည်း စာမသင်ပေးနိုင်ဘူး၊ ကိုယ်လည်း ကျောင်းမထားပေးနိုင်ဘူး။ ကျမတို့က သွားပြီးတော့ လုပ်ပေးပါတယ်။ ဆောင်ရွက်ပေးပါတယ်ဆိုတာက  ကျမတို့အကျိုးထက် ဒီဒေသကပိုပြီး တိုက်ရိုက်အကျိုးခံစားရမှာလေ။ အဲဒီတော့ ကျမက ထင်တယ်လေ။ သူတို့ရဲ့ အစွန်းရောက်တဲ့ အတွေးအခေါ်တွေကြောင့်ပဲလို့။”     မေး - “ပြည်နယ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြားမှာရော လက်ရှိကာလမှာ တကယ်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါသလားခင်ဗျ။ ဘာကြောင့်လဲဆိုတော့  ဒီဒေသက ပြည်သူတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ ကျန်းမာရေးကအစ တိုးတက်မြင့်မားအောင် လုပ်ကိုင်ဖို့အတွက်ဆိုရင် သက်ဆိုင်တဲ့သူတွေအကုန်လုံး ညှိနှိုင်းဆွေးနွေးပြီး လုပ်ကိုင်ဆောင်ရွက်မှ အဆင်ပြေမယ့်အနေအထားရှိတော့ ဒီဆက်ဆံရေး အခြေအနေကရော ဘယ်လိုအခြေအနေမျိုး ရှိပါသလဲ။” ဖြေ - “ကျမဘက်က ပြောရင်တော့ ကျမဘက်က အမြင်ပေါ့နော်။ ကျမ ကြည့်တာတော့ ကျမနဲ့ အကုန်လုံးဆက်ဆံရေး အဆင်ပြေပါတယ်။ မကြိုက်လို့ မလာပါနဲ့လို့ ပြောပေမယ့် ကိုယ်ကလည်း   ဒီလိုလေးတော့ ဖြစ်စေချင်တာပေါ့နော် ဆိုပြီး အလျှော့ပေးတယ်။ ကျမနဲ့ကတော့ စကားပြောရတာပဲ၊ လုပ်ငန်းကိုင်ငန်း ပူးပေါင်းဆောင်ရွက်ရတာပဲ၊ တော်တော်လေး သူတို့လည်း ပူးပေါင်းပါတယ်။ ရေကြီးတော့လည်း ရေကြီးတဲ့အလျောက် ပူးပေါင်းဆောင်ရွက်ပါတယ်။ ဟာ ဒီနေရာမှာ ဒီလိုလုပ်ရင်တော့ သူတို့ ဒီလိုလက်နက်တွေနဲ့ လာပြီးတော့မလုပ်ပါနဲ့ တို့ဘက်ကလည်း ဒီလို ဒီလို လုပ်ပေးပါ့မယ်ဆိုရင် သူတို့ လက်ခံပါတယ်။ ကျမကြည့်တာတော့ ကျမနဲ့ အဆင်ပြေသားပဲ။” မေး - “နောက်တခု ထပ်မေးချင်တာက ဝန်ကြီးတို့အစိုးရတက်လာတုန်း အချိန်ကပေါ့နော် အန်အယ်လ်ဒီပါတီသည် အတိုက်အခံအနေနဲ့ပဲ နေလာခဲ့တဲ့ အနေအထားမျိုး၊ အုပ်ချုပ်ရေး အတွေ့အကြုံ မရှိဘူးပေါ့နော်။ ကောင်းကောင်းမွန်မွန် အုပ်ချုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိတယ်ပေါ့။ အခုလက်ရှိ ၄ နှစ်ကျော်ကျော်လည်း ရောက်လာပြီဆိုတော့ အန်အယ်လ်ဒီ အစိုးရအနေနဲ့ အုပ်ချုပ်ရေးယန္တယားတွေမှာ ဘယ်လောက်ထိ အကောင်အထည် ကောင်းကောင်းမွန်မွန်ဖော်နိုင်ပြီး တဘက်က ပြောခဲ့သလိုမျိုး ဘာတွေ ကွာသွားပြီလဲခင်ဗျ။” ဖြေ - “ကျမတို့မှာတော့ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့တော့ ကျမ ထင်တယ်။ ကျမတို့ နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ပါတယ်။ ကျမတို့အခြေအနေမှာ ဟိုအရင်တုန်းကသာ အဂတိတွေ ဘာတွေ ရှိခဲ့မှာပေါ့နော်။ အခု ကျမတို့မှာလည်းရှိခဲ့ရင် ကျမတို့က လိုက်ပြီးတော့ စုံစမ်းစစ်ဆေး အရေးယူတာတွေ၊ ဆောင်ရွက်တဲ့ဟာတွေရှိတယ်ဆိုတော့ သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါး၊ ကြီးကြီးမားမား ပြောပဆိုလောက်တဲ့ အခြေအနေပေါ့။ အရင်တုန်းက လ.ဝ.က ဆို သွားလိုက်ရင် ဘယ်လောက်ဆိုလား သူတို့က ဒါပုံမှန်ဖြစ်နေသလိုပေါ့နော်။ အခုကျတော့ ဒီလိုမျိုးတွေကို သိသိသာသာကြီးတော့ ဘာမှ ကျမတို့ဆီမှာ မတွေ့ရဘူး။ ဒါ ကျမဘက်က မြင်တာပေါ့နော်၊ သူတို့ စစ်တမ်းကောက်ယူတဲ့လူတွေကတော့ ဘယ်လိုမြင်လဲဆိုတာတော့ မသိဘူးပေါ့။ ကျမတို့ဘက်က ကိုယ့်အမြင်ကတော့ ကြည့်တာတော့ ဒီလောက် ရဲရဲတင်းတင်း တောင်းဆို ပြောဆိုတာတွေ သိပ်ပြီးတော့ မတွေ့ရဘူး။” မေး - “နောက်ထပ်တချက်က ရွေးကောက်ပွဲနဲ့ ပြန်ပြီးတော့ဆက်မယ်ဆိုရင် ရွေးကောက်ပွဲ နီးလာတိုင်း ပါတီတွေရဲ့ အားနည်းချက်တွေ လုပ်ဆောင်ချက်တွေအပေါ်မှာ ပြန်ပြီးတော့ ပြောဆိုလေ့ ရှိကြတာပေါ့။ အခုဆိုရင်လည်းပဲ သမ္မတရုံးက ထွက်ပြီးတော့ ရှင်းရတဲ့ အနေအထားလည်း ရှိခဲ့တယ်ပေါ့နော်။ ဒီအန်အယ်လ်ဒီရဲ့ ထိပ်တန်းခေါင်းဆောင်တွေ မြေကွက်ယူတဲ့ ကိစ္စတွေ ဒီလိုမျိုးကို ရှင်းခဲ့တဲ့ အနေအထားမျိုးတွေကြောင့် ဒီလိုမျိုး ပြောဆိုမှုတွေ ပါတီတစ်ခုပေါ်မှာ ဒီလိုမျိုး ရွေးကောက်ပွဲနီးလာတဲ့အခါမှာ ပြောမယ်ဆိုရင် အရင်တုန်းက အကြောင်းအရာတွေ ပြန်ပြီးတော့ ပြောဆိုမှုတွေက ဒီရွေးကောက်ပွဲအတွက် ထိခိုက်လာနိုင်တဲ့ အနေအထားမျိုး ရှိမလား။ အခု ပါတီထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ မြေကွက်ကိစ္စတွေ လူမှုကိစ္စတွေရဲ့ သက်ရောက်မှုတွေ ၂၀၂၀ ရွေးကောက်ပွဲ ဘယ်လောက်ထိ ထိခိုက်နိုင်မလဲလို့ ဝန်ကြီးချုပ် ထင်ပါသလဲခင်ဗျာ။” ဖြေ - “ကျမအမြင်နဲ့ပြောရရင် ထိခိုက်မှုမရှိပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်အတွက် သူတို့ကို ပြန်ပြီးဂုဏ်ပြုတယ်ဆိုတာလည်း ရှိတာပေါ့နော်၊ ဒါလောက် မြေလေးပမာဏ ဧကရာနဲ့လည်း မချီဘူး၊ ဆယ်နဲ့လည်း မချီပါဘူး။ အဲတော့ ဘယ်လောက်မှလည်း မရှိတဲ့ ဧက လူတယောက်မှာရှိတဲ့ သူတို့မိသားစုလေးနဲ့ နေလို့ရတဲ့ အနေအထားလေးပါ၊ ဒီလောက် လွန်ကဲနေတဲ့ မြေအနေအထားကြီး မဟုတ်ပါဘူး၊ ဒါကလည်း အဆင်မပြေစရာ အကြောင်းမရှိပါဘူး။ နားလည်တဲ့လူတွေက လက်ခံပေးနိုင်ပါတယ်။ ကျမတို့တော့ လက်ခံပေးနိုင်တယ်။”  မေး - “ဒီနိုင်ငံရေး လေ့လာသုံးသပ်သူတွေက သုံးသပ်ကြတယ်ပေါ့နော်၊ ၂၀၂၀ ရွေးကောက်ပွဲသည် အာဏာရပါတီရော ဒီပါတီကြီးတွေအနေနဲ့ ပြည်နယ်မှာ ရှိနေတဲ့ တိုင်းရင်းသားပါတီတွေကို ယှဉ်ပြိုင်ရ ခက်ခဲမယ်ပေါ့။ အဲဒီတော့ ကရင်ပြည်နယ်မှာလည်း ဒီကရင်ပါတီမိသားစုက ပေါင်းစည်းထားတာဆိုတော့လေ အန်အယ်လ်ဒီပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ခက်ခက်ခဲခဲ ပြိုင်ဆိုင်ရမယ့်အနေအထား ဖြစ်လာနိုင်မလား ခင်ဗျ။” ဖြေ - “၂၀၁၅ ရွေးကောက်ပွဲနဲ့ ပြန်ယှဉ်ရမယ်ဆိုရင်တော့ ဟိုတုန်းကတော့ ကျမတို့ သိသလောက်ဆိုရင်တော့ တိုင်းရင်းသားပါတီက ကျမတို့ပြည်နယ်ထဲမှာပေါ့နော် တစ်နေရာပဲ နိုင်ပါတယ်။ အဲဒီတော့ အခုလည်း တိုင်းရင်းသားပါတီကို ကျမတို့က အထင်မသေးပါဘူး။ ဘာလို့လဲဆိုတော့ ကျမတို့ တိုင်းရင်းသားပါတီကို ကျမတို့ကလည်း တကယ်ပဲ မှန်မှန်ကန်ကန်နဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရစေချင်ပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့သူတွေကို ဖြစ်စေချင်တယ်။ သူတို့မှာလည်း အရည်အချင်းရှိပါတယ်။ ဝင်ပြိုင်တဲ့ခါကျရင် ရစေချင်ပါတယ်။ အခက်အခဲတော့ ဒီပြင်လူထက်စာရင်တော့ သူတို့နဲ့ ကျမတို့ ယှဉ်ရ ခက်တော့ခက်တာပေါ့။” မေး - “ဝန်ကြီးချုပ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့လို့ အနိုင်ရရှိပြီးတော့ ပါတီကနေ ဒီပြည်နယ်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ထပ်ပြောလာခဲ့မယ်ဆိုရင် ၂၀၂၀ မှာ ပထမဦးဆုံးအနေနဲ့ ဝန်ကြီးချုပ် လုပ်ကိုင်ဆောင်ရွက်သွားမယ့် မပြီးပြတ်သေးတဲ့ လုပ်ငန်းက ဘယ်လုပ်ငန်းကနေစမလဲခင်ဗျ။” ဖြေ - “မပြီးပြတ်တဲ့လုပ်ငန်းက စီးပွားရေးမှာလည်း စိတ်တိုင်းကျတဲ့ဟာတွေ မရှိသေးဘူးပေါ့။ အထူးသဖြင့် ကျမတို့က ပြောင်း အစားထိုးစိုက်ချင်တာပေါ့နော်၊ စိုက်ပျိုးရေးနဲ့ ပတ်သက်ရင် ဘာလို့ ပြောင်းကို စိုက်ရသလဲဆိုတော့ ကျမတို့ ပြောင်းဈေးက အခုတော့ အရမ်းကျနေတယ်။ ကျမတို့ဒေသမှာရှိတဲ့လူတွေက ပြောင်းဈေးမကိုက်ဘူးပေါ့နော်။ အဲဒီတော့ သူတို့ကို အစားထိုးပေးနိုင်တဲ့ဟာ ဘာလဲဆိုတော့ ကျမ စဉ်းစားတာပေါ့နော်။ အခု ဈေးကွက်စီးပွားရေးဆိုတာ ဝယ်သူရဲ့အကြိုက်ကို လိုက်ပြီးတော့ ကျမတို့က စိုက်ရမယ်လေ။ သူတို့က ငရုတ်ကြိုက်ရင် ကျမတို့က ငရုတ်ပြောင်းပေးရမှာပေါ့နော်။ ဆိုတော့ ဒါပဲ လုပ်ကိုင်မယ်ဆိုတဲ့ အသေကြီးပဲ မဖြစ်ရအောင် ကျမတို့ ဘယ်လိုစွမ်းဆောင်ပေးရင် ကောင်းမလဲ ဆိုတာ ကျမ စိတ်ကူးထဲမှာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးကာလမှာ အပြောင်းအလဲက ချက်ချင်းကြီးတော့ ဘယ်လိုပြောရမလဲ။ သူတို့ရဲ့စိတ်ကိုပါ ခံယူချက်ကိုပါ ပြောင်းရမယ့်ဟာလေ။ သူတို့ တသက်လုံး လုပ်ခဲ့တဲ့ စိုက်လာခဲ့တဲ့ဟာကို ကျမတို့ ဒါကြီးပြောင်း၊ ဒါကြီးစိုက် ဒီလိုလုပ် ဆိုတာ ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတဲ့ အစီအစဉ်က ကျမ ဦးနှောက်ထဲမှာ ရှိပါတယ်။” မေး - “ဒေသဖွံ့ဖြိုးရေးအတွက် စီးပွားရေးကိစ္စအပြင် တခြားကိစ္စတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အခက်အခဲတွေကရော လက်ရှိအချိန်ထိ ဘာတွေ ကြုံတွေ့နေရသေးလဲခင်ဗျ။” ဖြေ - “အခက်အခဲက နေရာတိုင်းရှိပါတယ်။ တကယ်ကောင်းပါတယ်ဆိုတဲ့ လမ်းကလေး ဖောက်ပေးလည်း လမ်းကလေးဖောက်တဲ့အလျောက် ဖြစ်တာပဲ။ အားလုံးအတွက် အကျိုးရှိပါတယ်။ လူ ၁၀၀ မှာ ၉၉ ယောက် အကျိုးရှိတဲ့လုပ်ငန်း လုပ်တာတောင်မှ အဖျက်လုပ်ငန်း ရှိနေတာပဲ။ နေရာတိုင်းမှာတော့ အခက်အခဲ ရှိပါတယ်။ ဘယ်ဟာ အခက်ခဲဆုံးလဲလို့ ပြောရမယ်ဆိုရင် ဥပမာ လျှပ်စီးမီးရအောင်လို့၊ နှစ်ရှည်လများ မီးမရှိခဲ့ဘူး။ မီးမရှိတဲ့ကျေးရွာကို ကျမတို့ မီးပေးမယ်ဆိုပြီး မီးတိုင်လေး စိုက်တာတောင်မှ ငါ့လယ်ကွက်ထဲ မဖြတ်နဲ့၊ ပိုက်ဆံပေးမှ၊ ဓားနဲ့လိုက် ဒီလိုမျိုးတွေပေါ့နော်။ အဲဒီလိုမျိုး အခက်အခဲလေးတွေက အစရှိတာပေါ့နော်၊ မီးတိုင်စိုက်တာလည်း ငါ့အိမ်ရှေ့ လာမစိုက်နဲ့လို့ ပြောတဲ့လူက ရှိသေးတယ်။ ဪ ဒုက္ခ ကျမစိတ်ထဲမှာ စဉ်းစားတယ်။ ဒါက သူတို့တရွာလုံး လိုချင်တဲ့မီးနော်။ အဲလိုမျိုးပေါ့ အဲဒီလို အခက်အခဲတွေရှိတာပေါ့။ သူတို့ရဲ့ နဂိုခံစားချက်ပဲ ဖြစ်မယ်။ တဘက်ကနေ ဝင်ပြီးတော့ ပယောဂတွေနဲ့ နှောင့်ယှက်တဲ့ဟာတွေလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။” မေး - “အခု ငြိမ်းချမ်းရေးနဲ့ပြောရမယ်ဆိုရင် အခုချိန်ထိပေါ့နော်။ ပြီးခဲ့တဲ့လပိုင်းလောက်က အခုချိန်ထိ တပ်မတော်နဲ့ ကေအန်ယူနဲ့ တိုက်ပွဲတွေပြန်ပြီးတော့ ဖြစ်လာတဲ့အချိန်မှာ ဒေသခံ လူထုက စိုးရိမ်မကင်းတွေ ဖြစ်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသက အေးချမ်းသွားပြီလို့ သတ်မှတ်ထားခဲ့တဲ့ အနေအထားမျိုးမှာ စစ်မီးပြန်တောက်လောင်လာမှာကို သူတို့ စိုးရိမ်ကြတယ်။ တကယ်လို့များ ဒီဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ရင် ဒေသလူထုက နစ်နာမှုတွေရှိမှာပေါ့လေ။ အဲဒီတော့ ဝန်ကြီးချုပ်တို့အနေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့အတွက် တပ်မတော်သည်လည်း တပ်မတော်ဘက်က လုပ်ကိုင်ရမယ့် လုပ်ငန်းစဉ်တွေ ရှိသလို အစိုးရသည်လည်း အစိုးရဘက်ကနေပြီး ထိန်းကျောင်းရမယ့် လုပ်ငန်းစဉ်တွေ ရှိတော့လေ ဒီကိစ္စကြီးတွေ မဖြစ်လာဖို့အတွက်  ကြိုတင်စီစဉ်ထားတဲ့ အစိုးရဘက်က မျှော်မှန်းချက်  ရည်ရွယ်ချက်တွေ ဘာတွေရှိပါသလဲခင်ဗျ။” ဖြေ - “ကျမဘက်ကတော့ ကျမပြည်နယ်အလျောက်ပေါနော်။ ဥပမာ ကိုဗစ်ကာလမှာ ပြဿနာတွေ ဖြစ်လို့ ဖာပွန်လမ်းတွေ ပိတ်လိုက်တယ်ဆိုရင် ဒါ တပ်မတော်နဲ့ သူတို့ ဘာအပေးအယူနဲ့ ဖြေရှင်းကြတယ် မသိဘူး။ ကျမကတော့ ကြားထဲကဝင်ပြီး ဒီလို ဒီလို ဖြစ်စေချင်တယ်။ ကျမက ဝိုင်းပြီးတော့ မေတ္တာရပ်ခံတဲ့သဘောမျိုး ပြောရင် သူတို့ ဖွင့်ပေးလိုက်တာပေါ့နော်။ ဥပမာပေါ့။ အဲဒီတော့ ကျမ လုပ်နိုင်တဲ့ အတိုင်းအတာအထိမှာတော့ ကျမပြည်နယ်အဆင့်မှာတော့ ကျမ ကြိုးစားဆောင်ရွက်ပေးလို့ရှိရင် အများအားဖြင့်တော့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ကျမက ပြဿနာသိပ်မရှိတဲ့ခါကျတော့ အဆင်ပြေတာများပါတယ်။ သူတို့အနေတဲ့ ကူညီပေးပါတယ်။” မေး - “ဝန်ကြီးချုပ်အနေနဲ့ ဘာများထပ်ပြီးတော့ ဖြည့်စွက်ပြောစရာများရှိပါသလဲ ခင်ဗျာ။” ဖြေ - “ဪ ကျမ ဖြည့်စွက်ပြောစရာ ခုနငြိမ်းချမ်းရေးဆိုတာ ပြောချင်တာပေါ့နော်၊ ငြိမ်းချမ်းရေးအဖွဲ့တွေဆိုတာ ကျမတို့ တချိန်က မိသားစုတွေပါပဲ။ ကိုယ့်မိသားစုတွေ ပြန်တွေ့ကြတယ်၊ သူတို့လည်း ဒီလိုပဲ စိတ်ထဲမှာ ဆန္ဒရှိပါတယ်။ ကျမတို့လည်း ဆန္ဒရှိတယ်။ ကျမတို့ စိတ်ရင်းခံတူပါတယ်။ ဒါကြောင့်မို့ ပြောရ ဆိုရတာ မခက်ဘူး။ တယောက်နဲ့ တယောက် အပြန်အလှန်ယုံကြည်မှုရှိတယ်လို့ ပြောရမယ်။ ယုံကြည်လို့ပဲ ကျမ မေတ္တာရပ်ခံရင် လက်ခံပေးကြတာတွေက များတာပေါ့နော်။ ကိုယ်ပြောတဲ့ အတိုင်းတာလောက်ထိ မရောက်တဲ့တာတွေလည်း ရှိတာပေါ့။ ကျမကတော့ ပြောချင်တာက ကျမတို့  ပြည်နယ်သူ ပြည်နယ်သားတွေဟာ  ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စွမ်းဆောင်ချက်တွေကို မြင်တတ် သိတတ်ပါစေလို့။ ကျမတို့ရဲ့ စွမ်းဆောင်မှုဟာ တကယ်များတယ်၊ ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကျမက တယောက်တည်းလို့ မပြောဘဲ နှိုင်းယှဉ်ပြီးတော့ ပြောနိုင်တဲ့ အခြေအနေထိ ကျမမှာ ရှိပါတယ်။ တကယ်လက်တွေ့ သာဓကနဲ့ သူတို့ဆွဲပြီးတော့ ယူလိုက်တဲ့ဟာ မဟုတ်ပါဘူးလို့။ အခုက ကျမတို့ နှစ်ဆ တက်လာမယ်လို့ ပြောတယ်ဆိုလို့ရှိရင် နှစ်ဆက ဒီမှာ ကိုးကားတဲ့ အချက်အလက်တွေ ကိန်းဂဏန်းတွေ ပြလို့ရတဲ့ဟာတွေ ရှိပါတယ်။ ဒါကြောင့် လူထုတွေကို ယုံကြည်ပါလို့ပဲ ပြောချင်ပါတယ်။” ဟုတ်ကဲ့။ အခုလိုမျိုး ဒီဗွီဘီကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024