တောင်ကုတ်မြို့နယ်၌ မိုင်းထောင်နေစဉ်ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၄ ဦးသေဆုံး
DVB
·
June 30, 2020
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘကျးရွာအနီးမှာ ဇွန်လ ၂၉ ရက်ညက မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မိုင်းထောင်သူအမျိုးသား ၄ ဦး သေဆုံးသွားတယ်လို့ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်မှ ဒီဗွီဘီကို ပြောပါတယ်။
တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင် က “ဖြစ်တာကတော့ ညတုန်းက ၁၂ နာရီပတ်ဝန်းကျင်လောက်က ပေါက်ကွဲသံကြားတယ်။ ရွာကလူတွေက၊ ဒါပေမဲ့ ဒါဘာမှန်းမသိတော့ မနက်မိုးလင်းမှလိုက်ရှာတော့ အလောင်း ၃ လောင်းတွေ့တယ်ဆိုပြီး ပြောတာပေါ့။ အဲဒီသတင်း ရလို့ ဒို့လာကြည့်လိုက်တဲ့အခါမှာ အလောင်းက ၄ လောင်းဖြစ်နေတယ်။ အဓိကတော့ မိုင်းထောင်တဲ့အကောင်ပေါ့။ မိုင်ထောင်တဲ့အခါမှာ လမ်းနဲ့ ပေ ၁၀၀ လောက် အကွာမှာပေါ့ မိုင်းကိုအသက်သွင်းတာ။ မိုင်းအသက်သွင်းတဲ့အချိန်မှာ မှားပြီးတော့သူတို့ဟာသူတို့ ကွဲပြီးတော့ အကုန်သေကုန်တာပေါ့။ အဓိကအကောင်ကတော့ ခြေပြတ်လက်ပြတ်၊ ခြေရောလက်ရော ဗိုက်ရော ပွင့်သွားတာပေါ့။ အူပါပွင့်သွားပြီးတော့ လွင့်ထွက်သွားတာပေါ့။ ၁၀ ပေလောက်ရှိတဲ့ ချောင်းတစ်ဘက်ကို ရောက်သွားတာ” လို့ပြောပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပြည်နယ်ရဲတပ်ဖွဲ့မှူးလိုက်ပါလာတဲ့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ နေရာအနီးမှာဖြစ်ပါတယ်။
သေဆုံးသူတွေကတော့ ဒေသခံတွေမဟုတ်ဘဲ ဘယ်သူတွေ ဆိုတာကိုတော့ အတည်ပြုလို့မရနိုင်သေးဘူးလို့ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ပြောပါတယ်။
“မိုင်းကွဲတဲ့နေရာကတော့ တရဘကျေးရွာနားလေးမှာ တောင်ကုတ်ကနေ ၁၂ မိုင်နဲ့ ၆/၇ ဖာလုံကြားမှာကွဲတာ၊ ယခင်မြို့နယ်မှူးရယ်၊ ဒုပြည်နယ်မှူးရယ် သွားခဲ့တုန်းက ကွဲတဲ့နေရာနားလေးမှာပဲ၊ တစ်မိုင်ကျော်ကျော်လောက်ပဲလွဲတယ်။ ကျနော်တို့ အကွဲခံရတာက ဖေဖော်ဝါရီလ ၂၆ ရက်တုန်းက အကွဲခံရတာပေါ့။ ပေါက်ပြင်ကျေးရွာ နားလေးမှာပေါ့၊ အခုသေတဲ့လူတွေကတော့ ဒီဘက်နယ်သားတွေမဟုတ်ဘူး၊ တစ်ယောက်မှတော့ မသိသေးဘူး။ အတည်ပြုလို့တော့ မရသေးဘူးပေါ့”
သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ လက်ရှိ တောင်ကုတ်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။
သတင်း- နောင်နောင်