Homeမြန်မာသတင်း
ချောက်မြို့နယ် လမ်းဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် လုပ်ငန်း ၄ ခု ကို ငွေကျပ်သိန်း ၅၇၀၀ကျော် သုံးစွဲ
ချောက်မြို့နယ် လမ်းဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် လုပ်ငန်း ၄ ခု ကို ငွေကျပ်သိန်း ၅၇၀၀ကျော် သုံးစွဲ
DVB
·
June 30, 2020
ချောက်မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၄ ခုကို ၂၀၁၉- ၂၀ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘတ်ဂျက်ကျပ်သိန်း ၅၇၅၀ သုံးစွဲပြီး ဆောင်ရွက်ရာ ယခုလ ဇွန်လ အတွင်း ရာခိုင်နှုန်းပြည့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးသွားပြီလို့ မြို့နယ်လမ်းဦးစီးဌာနက သိရပါတယ်။
မြို့နယ်အတွင်းရှိ ကြီးနီလမ်းပိုင်းနဲ့ ချောက်၊ စဉ့်ကူ ၊ပုဂံလမ်းပိုင်းတို့ကို လမ်းချဲ့ခြင်းနဲ့ အထွေအထွေအုပ်ချုပ်ရေးမှူးရုံးအနီးရှိ မြို့လယ်ချောင်းကူးတံတား အသစ်တည်ဆောက်ခြင်းနဲ့ ချဉ်ကပ်လမ်းခင်းခြင်းစတဲ့ လုပ်ငန်း ၄ ခုကို ဆောင်ရွက်ခဲ့တာပါ။
ချောက်မြို့ လမ်းဦးစီးအရာရှိ ဦးလှဝင်းထံက "လုပ်ငန်း ပစ္စည်းတင်ဒါခေါ်ပြီးချိန်က စတင်ပြီး လုပ်ငန်းများဆောင်ရွက်တာပါ။ နိုဝင်ဘာလပိုင်းက လုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့တာ။ ဇွန်လ ပိုင်းအတွင်းမှာ လုပ်ငန်းရွက်မှုအားလုံး ရာခိုင်နှုန်းပြည့် ပြီးစီးဆောင်ရွက်ပြီးပါပြီ။"လို့ ပြောပါတယ်။
ကြီးနီ၊ မိုလာ၊ စလေးလမ်း (ကြီးနီလမ်းပိုင်း)ကို မိုင်တိုင်အမှတ် သုညမှ နှစ်မိုင်အတွင်း လမ်းအရှည် တစ်မိုင်ကို အကျယ် ၁၈ ပေ လမ်းချဲ့ခြင်းနဲ့ ထပ်ပိုးကတ္တရာခင်းခြင်းလုပ်ငန်းကို ငွေကျပ်သန်း ၁၉၀ နဲ့ ဆောင်ရွက်ခဲ့ပါတယ်။
ချောက်၊ စဉ်ကူ၊ ပုဂံလမ်းပိုင်းမှာ မိုင်တိုင်အမှတ် ၁၈ မိုင် ၆ ဖာလုံ မှ ၂၀ မိုင် ၆ ဖာလုံမှာ ၂၄ ပေ လမ်းအကျယ်ချဲ့ခြင်းလုပ်ငန်းနဲ့ လမ်းကုန်းအမြင့်လမ်းပိုင်းနေရာကို လမ်းမြေနှိမ့်ချတာ၊ လမ်းဘေးချိုင့်နေရာတွေကို မြေဖို့ပြုပြင်တာနဲ့ ထပ်ပိုးကတ္တရာလမ်းခင်းတဲ့ လုပ်ငန်းတွေကိုတော့ ငွေကျပ် ၂၂၅၀ သိန်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
မြို့လယ်အဓိက မိန်းလမ်းမတော်လမ်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးရှိ ချောင်းကူး တံတားဟောင်း ခံနိုင်ဝန်ကျဆင်းလာလို့ ငွေကျပ် ၁၃၆၀ သိန်းသုံးစွဲကာ မူလတံတား အကျယ်ချဲ့တာနဲ့ သံကူကွန်ကရစ်တံတား အသစ် အရှည်ပေ ၄၀ တည်ဆောက်ခဲ့သလို တံတားချဉ်းကပ်လမ်းအတွက် ငွေကျပ် ၂၄၀ သိန်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
သတင်း- ကိုလင်း(ချောက်)