ဒေးဗစ်လားကို စွဲချက်တင်သင့် မတင်သင့် ဇူလိုင် ၂ ရက်နေ့ ဆုံးဖြတ်မည်
DVB
·
June 30, 2020
ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို စွဲချက်တင်သင့် မတင်သင့် လာမယ့် ဇူလိုင် ၂ ရက်နေ့ ရုံးချိန်းမှာ ဆုံးဖြတ်သွားမယ်လို့ မရမ်းကုန်းမြို့နယ် တရားသူကြီးဦးမိုးဆွေက ဇွန်လ ၃၀ ရက်နေ့ ရုံးချိန်းအပြီးမှာ ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုနဲ့တရားပြိုင်နှစ်ဘက်က စွဲချက်တင်သင့်မတင်သင့်ဆိုတာနဲ့ ပတ်သက်ပြီး အပြိုင် လျှောက်လဲချက်တင်ခဲ့ပါတယ်။
ဒေးဗစ်လားရဲ့ ရှေ့နေ ဦးအောင်ကြည်ဝင်းက “ဘာဖြစ်လာမယ်ဆိုတာ ဇူလိုင်နှစ်ရက်မှသိရပါမယ်။ ဘာမှကြိုပြောလို့မရပါဘူး”လို့ ပြောပါတယ်။
တရားရုံးက တရားလိုနဲ့တရားလိုပြသက်သေ ၁၄ ဦးကို ရုံးချိန်း ၇ ချိန်းအတွင်း အပြီးစစ်ဆေးခဲ့ပြီး ဒီနေ့ရုံးချိန်းက ၈ ကြိမ်မြောက်ရုံးချိန်းပါ။
ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့နှစ်ဦးဟာ အစိုးရရဲ့တားမြစ်ချက်ကို ဖောက်ဖျက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
မရမ်းကုန်းမြို့နယ်တရားသူကြီးကတော့ ဒီအမှုကို ရက်ပေါင်း ၃၀ အတွင်း အပြီးစစ်ဆေး သွားမယ်လို့ ပြောဆိုထားပါတယ်။