Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ၌ UNA အဖွဲ့ဝင်ပါတီများ ပြည်ထောင်စုလွှတ်တော်နေရာ ၂၀ ရာခိုင်နှုန်း အနိုင်ရရန် မျှော်မှန်း
DVB
·
June 30, 2020
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)  အဖွဲ့ဝင်ပါတီတွေအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းထိ ရွေးကောက်ခံရဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။   ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ပြည်ထောင်စုအဆင့် လွှတ်တော်မှာ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ် ၉ ရာခိုင်နှုန်းသာ ရွေးကောက်ခံခဲ့ရတာပါ။ ဒါပေမဲ့ လွှတ်တော်မှာ အဆိုပြုခွင့်ရရှိဖို့ အနိမ့်ဆုံး ၂၀ ရာခိုင်နှုန်းလိုအပ်တဲ့အတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA အနေနဲ့ အဲဒီရာခိုင်နှုန်းထိရရှိဖို့အတွက် ကြိုးစားသွားမယ်လို့ဆိုပါတယ်။ UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေအနေနဲ့  ပြည်နယ်တွေမှာယှဉ်ပြိုင်တဲ့အခါ နေရာ မထပ်ဖို့၊ ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ အဖွဲ့ဝင်ပါတီတွေအချင်းချင်း ကူညီပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ UNA အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးမျိုးကျော်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိ UNAအဖွဲ့မှာ၊ ဗမာတိုင်းရင်းသားကိုယ်စားပြုပါတီအဖြစ် ၉၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP)ပါတီကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းလိုက်ပါတယ်။ ဒါကြောင့် UNAအဖွဲ့ဝင်စုစုပေါင်း ၁၃ ပါတီရှိလာပြီဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ UNA အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ယှဉ်ပြိုင်ခဲ့တဲ့နေရာတွေအားလုံးမှာ ပြန်လည်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ ရခိုင်ပြည်နယ်နဲ့ ကျောက်ဖြူခရိုင်မှာရှိတဲ့ မြို့နယ်တွေ မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်သလို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာလည်း တိုင်းရင်းသား ဝန်ကြီးနေရာတွေမှာ ဝင်ရောက် အရွေးခံဖို့ရှိပြီး ကျန်အဖွဲ့ဝင်တွေကလည်း သူတို့ ပြည်နယ်တွေမှာ အများစုဝင်ရောက်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။   သတင်း- ထက်ဝေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024