Home
မြန်မာသတင်း
ဂူတာပြင်ကျေးရွာ လူသတ်မှုနှင့်စပ်လျဉ်း၍  စစ်တရားရုံးက တပ်မတော်အရာရှိကြီး ၁ ဦးအပါအဝင် ၃ ဦးကို ပြစ်ဒဏ်ချမှတ်  
DVB
·
June 30, 2020
ဂူတာပြင်ကျေးရွာမှာ လူအစုလိုက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး   စစ်တရားရုံး(Court-Martial) က တပ်မတော် အရာရှိကြီး ၁ ဦး၊  အရာရှိ ၁ ဦးနဲ့ အခြားအဆင့်စစ်သည် ၁ ဦးတို့ကို  သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြစ်ဒဏ် အတည်ပြုချမှတ်ခဲ့တယ်လို့ တပ်မတော်က ဇွန်လ ၃၀ ရက်မှာ  သတင်းထုတ်ပြန်ပါတယ်။ ဂူတာပြင်ဖြစ်စဉ်နဲ့စပ်လျဉ်းပြီး  စစ်တရားရုံး(Court-Martial)က သက်သေစုံလင်စွာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်မှာ  စစ်ဆေးမှုတွေ ပြီးစီးခဲ့တာဖြစ်ပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ချမှတ်ကြောင်း ဒီကနေ့ အတည်ပြုထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ အရေးယူခံရတဲ့ တပ်မတော် အရာရှိကြီး အပါအဝင် ၃ ဦးဟာ ဘယ်သူတွေလဲ ဆိုတာနဲ့ ပြစ်ဒဏ်တွေ ဘယ်လောက်ချမှတ်လိုက်သလဲဆိုတာကိုတော့ တပ်မတော် သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။  အလားတူ မောင်နုကျေးရွာနဲ့  ချွတ်ပြင်ကျေးရွာဖြစ်စဉ်တွေကိုလည်း  စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry)နဲ့  စစ်ဆေးဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဂူတာပြင်ရွာ ပတ်ဝန်းကျင်နေရာ ၅ ခုမှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေ မြှုပ်ထားတယ်လို့ AP သတင်းဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူမှုတွေလုပ်ဆောင်ဖို့   ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ကို တပ်မတော်က တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေကို နှစ်ကြိမ်သွားရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေအရ ဂူတာပြင်ရွာ ဖြစ်စဉ်တချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အားနည်းခဲ့တာကြောင့် စစ်စည်းကမ်းအရ အရေးယူဖို့ အခြေအနေပေါ်ပေါက်လို့ စစ်တရားရုံး (Court- Martial) နဲ့ ဆက်လက်စစ်ဆေးနိုင်ဖို့ စစ်ဘက်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လုပ်မယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024