“ကျနော်တို့ မျိုးစေ့ချခဲ့တဲ့ဒီမိုကရေစီ ရှင်သန်ဖို့ အရေးကြီးတယ်” ဒေါက်တာဇော်မြင့်မောင်နှင့် DVB မေးမြန်းခန်း 

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီပါတီရဲ့ မူဝါဒတွေ၊ သဘောထားတွေ၊ ရွေးချယ်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ အခြေအနေနဲ့ ကန့်သတ်ချက်တွေ၊ လက်ရှိအစိုးရလက်ထက်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေအကြောင်းကို အန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီဗွီဘီ သတင်းထောက် အောင်သူက အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - “အခုဆိုရင် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအခြေအနေအပေါ်မှာ လူထုရဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲကို ဆက်သွားဖို့ ခေါင်းဆောင်တွေရဲ့ ကျန်းမာရေး လိုအပ်တယ်။ အဲဒီတော့ အခုလက်ရှိ ဝန်ကြီးချုပ်အနေနဲ့ ကျန်းမာရေးကုသမှု ခံယူနေတော့ လက်ရှိ ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လောက် အတိုင်းအတာအထိ ကောင်းမွန်လာပြီလဲ။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်တွေကို ပြန်လည်ထမ်းဆောင်နိုင်တဲ့ အနေအထားမျိုး ရှိပြီလား။” ဖြေ - “ကျန်းမာရေးကတော့ လက်ရှိအခြေအနေအရ အရင်တုန်းကတော့နဲ့စာရင် ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်ကောင်းနေပြီ။ ဆေးကတော့ ဆက်သောက်ရဦးမယ်။ ဖြစ်တဲ့ရောဂါကလည်း သေးသေးမွှားမွှား မဟုတ်ဘူး။ ကင်ဆာဆိုတော့ ဆေးတွေကတော့ ပြင်းပြင်းထန်ထန် ကုခဲ့ရတယ်။ အခု ၆ လလောက် ဆက်တိုက်ကုပြီး ပြန်လာပြီးတဲ့နောက်ပိုင်း၊ မေ က ပြန်ရောက်တာ။ အဲဒီကနေစပြီး quarantine ဝင်တယ်။ ဝန်ကြီးချုပ်တာဝန်တွေလည်း ပြန်လုပ်ရတယ်။ ပါတီတာဝန်တွေလည်း ကျနော် ထမ်းဆောင်နေတယ်။” မေး - “ပြန်ပြီးဆေးကုသဖို့အတွက် ဘယ်အချိန်လောက် သွားရမလဲ။” ဖြေ - “ကျနော်မှတ်ထားတာက ဆေးကို ၇ လစာ ယူခဲ့တယ်။ ကိုဗစ်-၁၉ ကြောင့် ဘယ်အချိန် ပြန်သွားပြီး ကုလို့ရမလဲဆိုတာ ပြောလို့မရဘူး။ နောက်နှစ် ၂၀၂၁ ကျမှ Follow Up ပြန်ပြမယ်လို့ စီစဉ်ထားတယ်။ ဒီမှာလည်း ဆရာဝန်တွေနဲ့ ပြပြီးသွားပြီ။ လောလောဆယ်အထိတော့ သွေးဖောက်စမ်းတာ အကုန်ကောင်းနေပါတယ်။” မေး - “ပြည်သူတွေအနေနဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ ကျန်းမာရေးကို စိုးရိမ်မှုရှိသလို မကြာခင် ကျင်းပတော့မယ့် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်မြင်မှုအပေါ်မှာ တချို့ဆိုရင် စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ လက်ရှိမှာ ပါတီအနေနဲ့ မြို့နယ်အဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို အဆင့်သတ်မှတ်ချက်တွေနဲ့ ရွေးချယ်ထားပြီးဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ မြို့နယ်အဆင့် ပြီးပြီဆိုတော့ တိုင်းအဆင့်၊ ဗဟိုအဆင့် လာတော့မှာပေါ့။ ဝန်ကြီးချုပ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုပုံစံမျိုး သတ်မှတ် ရွေးချယ်ထားလဲ။ လက်ရှိ ဘယ်မှာ ရောက်နေပြီလဲ။” ဖြေ - “အခု ဇွန်လလယ်က မြို့နယ်အဆင့် ရွေးပြီးသွားပြီလို့ စာထုတ်ထားတယ်။ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မြို့နယ်က ရွေးပြီးတော့ ပြည်နယ်/တိုင်းအဆင့် တင်ပေးပါလို့ ပို့ထားတယ်။ မြို့နယ်အဆင့်မှာ ရွေးလာခဲ့တာ နည်းနည်းအသံလေးတွေတော့ ထွက်တာပေါ့။ တိုင်စာတွေအရ သိရတယ်။ ဒါပေမဲ့ မြို့နယ်အဆင့်က ရွေးလိုက်တာနဲ့ ကိုယ်စားလှယ်လောင်း Candidate မဖြစ်ပါဘူး။ မြို့နယ်က ရွေးပြီးတာနဲ့ ပြည်နယ်/တိုင်းအဆင့်၊ ဗဟိုရွေးချယ်ရေးအဆင့် ကျန်ပါတယ်။ အဲဒီနှစ်ဆင့်ပြီးမှ ဗဟိုအလုပ်အမှုဆောင်က အတည်ပြုမှ အန်အယ်လ်ဒီထီးရိပ်အောက်ကနေ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်နိုင်မယ့် အန်အယ်လ်ဒီရဲ့ ကိုယ်စားလှယ်လောင်း ဖြစ်မှာပါ။” မေး - “အခု မြို့နယ်အဆင့် ရွေးချယ်မှုမှာဆိုရင် ဝန်ကြီးချုပ်လည်း ပြောသွားခဲ့ပြီပေါ့။ အသံတွေမျိုးစုံ ထွက်လာခဲ့တယ်။ အောက်ခြေက အသံတွေမျိုးစုံ ထွက်လာတဲ့အခါမှာ တချို့ လက်ရှိကိုယ်စားလှယ်လောင်းတွေကို မြို့နယ်က ပြန်ရွေးချယ်တဲ့အခါမှာ ပထမဦးစားပေးအပြင် ဒုတိယဦးစားပေးပါ ရှိလာတဲ့ တချို့ကိုယ်စားလှယ်လောင်းတွေ ရှိတယ်။ တချို့ ကိုယ်စားလှယ်လောင်းတွေဆိုရင် ဝင်ရောက်အရွေးချယ်မခံတော့တဲ့ ကိုယ်စားလှယ်လောင်းတွေ ရှိတယ်ပေါ့။ ပထမကိုယ်စားလှယ်လောင်းတွေက မြို့နယ်အဆင့်မှာ ဘာကြောင့် ဒုတိယဦးစားပေးပါ ရောက်လာသလဲ။ မြို့နယ်အဖွဲ့နဲ့ ကိုယ်စားလှယ်လောင်းကြားထဲက သဘောထား မတူညီမှုတွေကြောင့်လား။ ဝန်ကြီးချုပ်တို့ အခုအချိန်မှာ ဘယ်လို သုံးသပ်မိပါသလဲ။” ဖြေ - “ကျနော့်ရဲ့သုံးသပ်ချက်တော့ ဖြစ်သွားမယ်ပေါ့နော်။ ပါတီရဲ့ သုံးသပ်ချက်တော့ မဟုတ်ဘူး။ အတွေ့အကြုံအရ ဒီလို သုံးသပ်နိုင်တာ ရှိပါတယ်။ တစ် ကတော့ လက်ရှိကိုယ်စားလှယ်လောင်းနဲ့ လွှတ်တော်တွေ တက်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ အလုပ်အမှုဆောင်တွေကြားမှာ ပွတ်တိုက်မှုတွေ ရှိတယ်။ ဘာကြောင့် ပွတ်တိုက်မှုတွေဖြစ်သလဲ ဆိုတော့ နယ်မြေနဲ့ ကင်းကွာသွားတဲ့ ကိုယ်စားလှယ်တွေရှိတယ်။ ကိုယ်စားလှယ်လည်း ဖြစ်သွားပြီးရော နယ်မြေကို အရောက်အပေါက်နည်းသွားတယ်ပေါ့။ ပြည်သူလူထုနဲ့လည်း အထိအတွေ့နည်းသွားပြီ။ ပြည်သူလူထုနဲ့ အထိအတွေ့နည်းတဲ့အခါကျတော့ မြို့နယ်အလုပ်အမှုဆောင်တွေကို သိပ်ဂရုမစိုက်တော့ဘူး။ သူတို့ စည်းရုံရေးဆင်းတဲ့အခါတွေ ဘာတွေမှာ မြို့နယ်အလုပ်အမှုဆောင် မခေါ်တော့ဘူး၊ အသိမပေးဘူးဆိုတော့ ကြားထဲမှာ ပွတ်တိုက်မှုတွေ ရှိပါတယ်။ တနည်းပြောရရင် အလုပ်အမှုဆောင်နဲ့ လက်ရှိကိုယ်စားလှယ်ရဲ့ ဆက်ဆံရေးက ကြဲပါးသွားတာလည်း ပါတယ်ပေါ့။ အဲဒါကို အလုပ်အမှုဆောင်တွေက စိတ်ထဲမှာ မှတ်ရင်မှတ်ထားမှာပေါ့။ ရွေးတဲ့အခါ ဘာဖြစ်လာလဲဆိုတော့ မြို့နယ်အလုပ်အမှုဆောင်တွေရဲ့ အမှတ်ပေးခံရတာ နည်းသွားတာပေါ့။ နောက်တချက်က တချို့ကိုယ်စားလှယ်တွေက မြို့နယ် အလုပ်အမှုဆောင်နဲ့ အဆင်ပြေအောင် နေပေမယ့် ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါ မောက်မာတာမျိုးတွေ၊ အပေါ်စီးဆက်ဆံတာမျိုးတွေ ရှိတယ်လို့ မြို့နယ်အလုပ်အမှုဆောင်တွေက ဗဟိုကို ပြန်တင်ပြတော့ ဒီတခေါက် ရွေးတဲ့အခါ အမှတ်ပေးတာပေါ့။ အဓိကအချက်ကတော့ ဒီ နှစ်ချက်ပါပဲ။ နောက်တချက်က အန်အယ်လ်ဒီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာလို့ အရေးယူထားတဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ်။ ပြည်သူလူထုနဲ့ ကင်းကွာဖို့တော့ ခဲယဉ်းတယ်။ အဲဒါတွေကိုတော့ အလုပ်အမှုဆောင်တွေက သိတယ်ပေါ့။ စာဖြင့်သတိပေးပြီး ၆ လ နားလိုက်တာတွေ ရှိတယ်။ လွှတ်တော်ကော်မတီက နားထားတာတွေ ရှိတယ်။ အဲဒီလို ကိုယ်စားလှယ်တွေက ပြန်ပါဖို့ ခဲယဉ်းသွားပြီ။” မေး - “ရွေးကောက်ပွဲဆိုတဲ့ သဘောသဘာဝက လူထုထောက်ခံမှုနဲ့ မဲများမှ အနိုင်ရတဲ့စနစ် ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ဖူးတယ်။ လူကို မကြည့်ပါနဲ့၊ ပါတီကိုပဲ ကြည့်ပါဆိုတာ။ အစိုးရဖွဲ့ပြီးသွားတဲ့ကာလတလျှောက်မှာ ပြည်သူတွေဆီက ပါတီကိုလည်း ကြည့်နေလို့မပြီးဘူး၊ ကိုယ့်မြို့နယ်ဒေသမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ထိလုပ်နိုင်လဲဆိုတာအပေါ်မှာပါ ကြည့်ရမယ်ဆိုတဲ့ ပြောဆိုသံတွေ ရှိလာတယ်။ ပါတီကို ကြည့်တာထက် လူကိုပါ ကြည့်ရတော့မယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီရဲ့ ကြွေးကြော်သံသည် ဘယ်လိုပုံစံ ပြောင်းသွားနိုင်မလဲ။ ပါတီအပြင် လူကိုပါ ကြည့်ဖို့ လိုအပ်လာသလား။” ဖြေ - “ပါတီတခုတည်းကြည့်ပြီး မဲပေးတာထက် တကယ်လည်း အသံထွက်လာပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကိုလည်း ကြည့်မယ်ဆိုပြီးတော့။ ဒါက ပြည်သူလူထုရဲ့ ရွေးချယ်ပိုင်ခွင့်ပေါ့။ ဒါပေမဲ့ နှစ်ခုစလုံးတော့ ပြန်ကြည့်ရလိမ့်မယ် ထင်ပါတယ်။ ပါတီကိုလည်း ကြည့်ဖို့ လိုသလို ကိုယ်စားလှယ်ကိုလည်း ကြည့်ဖို့လိုပါလိမ့်မယ်။ ကိုယ်စားလှယ်ကို ကြည့်တဲ့အခါမှာ ကျနော်တို့က ကိုယ်စားလှယ်ရဲ့ အရည်အချင်း၊ ဒေသအကျိုးနဲ့ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်တဲ့သူ ဖြစ်၊ မဖြစ်ဆိုတာက အဓိကကျတယ်။ ဒါပေမဲ့ ဒီကိုယ်စားလှယ်က ဘယ်ပါတီကလဲ ဆိုတာတော့ ပြန်ကြည့်မှဖြစ်မယ်။ ဒါကြောင့် ပါတီကိုလည်း ကြည့်ဖို့လိုပါတယ်။ ကိုယ် ပေးလိုက်တဲ့ မဲတမဲဟာ အစိုးရဖွဲ့နိုင်တဲ့ပါတီဖြစ်မှ ရမယ်။ အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးနိုင်မှ ကိုယ့်ဒေသအကျိုးရော တိုင်းပြည်အကျိုးနဲ့ ဒီမိုကရေစီအကျိုးကိုပါ သယ်ပိုးနိုင်မှာ ဖြစ်တယ်။ ပါတီကို မကြည့်ခဲ့ဘူးဆိုရင် ကိုယ် ပေးလိုက်တဲ့မဲက အစိုးရမဖွဲ့နိုင်တဲ့ပါတီကို မဲပေးမိတယ်ဆိုရင် ဒေသအကျိုးလေးတခု ကိုယ့်မြို့နယ်အကျိုးလေးတခုပဲ ရကောင်းရနိုင်ပါတယ်။ တကယ်လို့ တတိုင်းပြည်လုံး လုပ်ကြရမယ့်အလုပ်တွေဆိုရင် တတိုင်းပြည်လုံး မလွှမ်းခြုံနိုင်တော့ မစွမ်းဆောင်နိုင်ပါဘူး။ အဲဒီတော့ ကိုယ်စားလှယ်ကို ကြည့်ဖို့လိုပါတယ်၊ ပါတီကိုလည်း ကြည့်ဖို့ လိုပါတယ်။ အစိုးရဖွဲ့နိုင်တဲ့ပါတီဆိုရင် သိပ်ရွေးစရာမရှိတော့ဘူးပေါ့။ ပါတီမှာလည်း ခေါင်းဆောင်ကောင်း ဘယ်ပါတီမှာ ရှိသလဲဆိုတာ ကြည့်ဖို့လိုပါတယ်။ ခေါင်းဆောင်ကိုလည်း ကြည့်ရမယ်၊ ပါတီကိုလည်း ကြည့်ရမယ်၊ နောက်လိုက်ကောင်းတွေ များတဲ့ပါတီ ဘယ်ပါတီရှိသလဲ ဆိုတာလည်း ကြည့်ရမယ်။ လုပ်ခဲ့တဲ့အတိုင်းအတာပေါ့။ ကျနော်တို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အားမရပါဘူး။ ပြောချင်တာတချက်ကတော့ နှစ်ပေါင်း ငါးဆယ်လောက်၊ ခြောက်ဆယ်လောက် အုပ်ချုပ်မှု၊ တိုင်းပြည်ဖရိုဖရဲ ဖြစ်၊ ဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံတနိုင်ငံကို ဥုံဖွ ဆိုပြီး လေး ငါးနှစ်အတွင် ဘာမှပြုပြင်ပြောင်းလဲဖို့ မလွယ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်လည်း ရှိနေသေးတာ။ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဒီအခြေအနေမှာ အန်အယ်လ်ဒီကို ဝိုင်းဝေဖန်နေတဲ့ကြားထဲက လေးနှစ်တာကာလ ကျနော်တို့ ကောင်းကောင်းစွမ်းဆောင် လုပ်ခဲ့ပြီးပါပြီ။ ဒါကိုကြည့်ခြင်းအားဖြင့် ပါတီကိုလည်း ကြည့်ဖို့လိုတယ်၊ လူကိုလည်း ကြည့်ဖို့ လိုပါတယ်။ ဘာကို အဓိကထားပိုကြည့်ရမလဲဆိုတော့ အစိုးရဖွဲ့နိုင်တဲ့ ပါတီကို ဦးစားပေးစေချင်ပါတယ်။ ကိုယ်စားလှယ်ကိုလည်း ကြည့်ပါ။” မေး - “ပြည်သူတွေအနေနဲ့ အားမလိုအားမရ ဝေဖန်မှုတွေ ထွက်လာတာရဲ့ အဓိကရင်းမြစ်ကို ကြည့်မယ်ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်ပေါ်မှာ တုံ့ပြန်မှုက ပိုများတယ်။ ပြည်နယ်မှာရှိနေတဲ့ ဒေသခံတွေရဲ့ လုပ်ရည်ကိုင်ရည်၊ သူတို့တွေအပေါ် ဆောင်ရွက်ပေးမှုပေါ်မှာ ကြည့်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်မှ ရမယ်ဆိုတော့ အခုလက်ရှိ အန်အယ်လ်ဒီက ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှာ ဘယ်ဝန်ကြီးချုပ်ကိုတော့ ပြန်ခန့်မယ်ဆိုတဲ့မူ၊ ရွေးချယ်ထားမှု လက်ရှိအချိန်မှာ ရှိနေပြီလား။” ဖြေ - “ဒီမေးခွန်းက ဖြေဖို့တော်တော်ခက်တဲ့ မေးခွန်းပါ။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကဲဖြတ်တဲ့မှတ်တမ်း ကျနော်တို့မှာ ရှိပါတယ်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တဦး ငါးနှစ်သက်တမ်း ဖြတ်လာတဲ့အခါမှာ လွှတ်တော်တန်ဖိုးရှိတယ်။ ဒါကိုလည်း ကျနော်တို့ ထည့်စဉ်းစားတယ်။ အလားတူ ဝန်ကြီးချုပ်တွေ၊ သူတို့လည်း ငါးနှစ် သက်တမ်း ဖြတ်လာတာပဲ။ ဘယ်သူမှ အုပ်ချုပ်ရေးအတွေ့အကြုံ အရင်က မရှိဘူး။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျနော်လည်း အုပ်ချုပ်ရေးအတွေ့အကြုံ မရှိပါဘူး။ အုပ်ချုပ်ရေး အတွေ့အကြုံ၊ လွှတ်တော်အတွေ့အကြုံတို့ဆိုတာ သင်ယူရင်းနဲ့ လေ့လာရင်းနဲ့ ဖြတ်သန်းရင်းနဲ့ပဲ သိလာကြတာ။ မသိရင် တတ်တဲ့သူကို မေးဖို့တော့ လိုတယ်။ သိတဲ့သူကို မေးရတယ်။ မရှက် မကြောက် သင်ယူရင် အရည်အသွေးက တက်လာမှာပဲ။ မသင်ယူဘဲနဲ့ ရေလိုက်ငါးလိုက် နေမယ်ဆိုရင်တော့ အရည်အသွေးက တက်လာမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တတ်တယ် ထင်၊ သိတယ် ထင်ပြီးတော့ မလေ့လာ မသင်ယူဘူးဆိုရင်။ အုပ်ချုပ်ရေးမှာလည်း procedure တွေ ရှိတယ်။ ကျနော်က ပြည်ထောင်စုအဆင့်ကို စာရေးမယ်ဆိုရင် ကျနော်က လက်မှတ်ထိုးမှ ရမယ်။ ဝန်ကြီး၊ ဝန်ကြီးချင်း ပေးမှာကိုး။ သမ္မတဆီလည်း ဒီအတိုင်းပဲ။ ကျနော် လက်မှတ်ထိုးပြီး ပေးမှ ရတယ်။ ကိုယ်စားထိုးလို့ မရဘူး။ ကျနော့်ရဲ့ လက်အောက်ဌာနတွေ ထွက်တဲ့အခါကျရင် ကျနော့်ရဲ့ ဝန်ကြီးတွေက ကိုယ်စားထိုးလို့ရတယ်၊ အတွင်းရေးမှူးတွေ ကိုယ်စားထိုးလို့ရတယ်။ ဒီနည်းလမ်းတွေကို လေ့လာရတာပေါ့။ ဝန်ကြီးချုပ်တွေ ဘယ်သူ ပြန်ဖြစ်မယ်၊ မဖြစ်ဘူး ဆိုတာထက် ပါတီအနေနဲ့က လောလောဆယ် အကဲဖြတ်မထားသေးဘူးပေါ့။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသံကိုတော့ ကျနော်တို့က နားထောင်တာတွေ ရှိတယ်။ ဝန်ကြီးချုပ်တွေ ဝေဖန်ခံရတယ်၊ ဘယ်ဝန်ကြီးချုပ်တွေ အပြောခံရတယ်၊ ဘယ်ဝန်ကြီးချုပ်တွေ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှု နည်းတယ်၊ များတယ်ပေါ့။ ဒါတွေက မှတ်တမ်းတွေ ရှိတယ်။ အခုချိန်မှာတော့ ဘယ်ဝန်ကြီးချုပ်က ပြန်ပါမယ်၊ ပြုတ်မယ်ဆိုတာ ကျနော်တို့ တပ်အပ်ပြောလို့တော့ မရသေးဘူး။ အပြောင်းအလဲကတော့ ရှိမယ်ဆိုတာ သေချာတယ်။ တသမတ်တည်း ပေးနေတာက တိုးတက်မှု မရှိဘူး။ အပြောင်းအလဲနဲ့မှ တိုးတက်နိုင်မှာ။ ဝန်ကြီးချုပ်တွေလည်း အပြောင်းအလဲ ရှိမှာပါ။” မေး - “အခုလက်ရှိမှာ အန်အယ်လ်ဒီရဲ့ ထိပ်ပိုင်းခေါင်းဆောင် အပါအဝင် ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးတွေ၊ တာဝန်ကြီးတွေ ယူထားတဲ့သူတွေကို မြို့နယ်အဆင့်မှာ ပြန်ပြီးအဆိုမပြုပေမယ့် မြို့နယ်က ပြန်ပြီးအဆိုပြု ရွေးချယ်ထားတဲ့ပုဂ္ဂိုလ်မျိုးတွေ ရှိပါတယ်။ အခုထိ ခေါင်းဆောင်ပိုင်းတွေရဲ့ ရွေးကောက်ပွဲဝင်ရေး မဝင်ရေး ကိစ္စကလည်း မကြေညာသေးဘူးဆိုတော့ ဒီအပေါ်မှာ ပါတီရဲ့သဘောထားက ဘယ်လိုမျိုး ရှိနေတာလဲ။ ခေါင်းဆောင်ပိုင်းတွေကို ရွေးကောက်ပွဲ ဝင်စေချင်တာလား၊ ရွေးကောက်ပွဲမဝင်ဘဲနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့လိုနေရာမျိုးမှာ အကြီးအကဲနေရာ ပြန်ထားပြီးတော့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ နေရာကို လူငယ်မျိုးဆက်သစ်တွေနဲ့ အစားထိုးဖို့ ရှိနေလား။” ဖြေ - “ဒါကတော့ ဗဟိုအဆင့် ရွေးချယ်ရေးကျရင် အသေးစိတ် ပါလာမှာပါ။ ဘယ်သူတွေကို ဒီလိုထားမယ်၊ ဘယ်သူတွေကတော့ လဲဖို့လိုတယ်၊ လဲရင်တောင် ဘယ်လိုအသက်အရွယ် လဲမယ်၊ အရည်အချင်းရှိလဲဆိုတာပေါ့။ မျိုးဆက်သစ်တွေ မွေးထုတ်ပေးရမယ်ဆိုတာလည်း တာဝန်တခုပေါ့။ အပြောင်းအလဲတခု လုပ်ရမယ်ဆိုတာလည်း ကျနော်တို့ ကြောက်နေလို့ မရဘူး။ လုပ်ကိုလုပ်ရမယ်။ ဒါတွေအပေါ်မှာ မူတည်ပြီးတော့ ဘယ်သူတွေ ရွေးကောက်ပွဲ ဝင်ဖို့၊ မဝင်ဖို့ ရွေးချယ်ရေးအဖွဲ့က တိုင်ပင်နေကြတယ်။ ဥပမာ ကျနော်ဆိုရင်လည်း ဘယ်မှာ ရွေးကောက်ပွဲ ဝင်ရမယ်ဆိုတာ၊ ရွေးကောက်ပွဲဝင်ဖို့မလိုဘူးဆိုလည်း အပေါ်ကနေ ဆုံးဖြတ်ပါလိမ့်မယ်။” မေး - “၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အန်အယ်လ်ဒီပါတီအနေနဲ့ အစိုးရဖွဲ့ခဲ့ပြီးတဲ့အချိန်မှာ တာဝန်ပေးမှုအပိုင်း၊ ရွေးချယ်မှုအပိုင်းပေါ့လေ။ တာဝန်ထမ်းဆောင်ပြီးတဲ့ကာလအတောအတွင်းမှာ သုံးသပ်မှုတွေ၊ တာဝန်ပေးမှုတွေ၊ တချို့ရွေးချယ်မှုတွေက တချို့နေရာတွေမှာ မှားယွင်းတယ်လို့ သုံးသပ်တာတွေ ရှိတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ ပါတီမှာ ရွေးကောက်ပွဲနိုင်ခဲ့ရင် နောင်အစိုးရကို ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်းမယ်ဆိုတဲ့ ရည်ရွယ်ချက်၊ စီမံကိန်း ဘာတွေချထားတာ ရှိလဲ။” ဖြေ - “အခြေအနေ အချိန်အခါအရ အဲဒီလို လိုအပ်ချက်တွေ ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ၂၀၁၅ တုန်းက ကျနော်တို့ ရွေးကောက်ပွဲနိုင်ရင် ဘယ်သူတွေ ဘာဖြစ်မလဲဆိုတာကတော့ အစောကြီးကတည်းက ကြိုတင်စီမံထားတာ ရှိတယ်။ အဲဒီလို စီမံထားတာ မရှိပေမယ့် အချိန်ရတဲ့ သုံးလ၊ လေးလအတွင်းမှာ လွှတ်တော်အလွှဲအပြောင်း လုပ်ကြတယ်။ အုပ်ချုပ်ရေး အပြောင်းအလဲ ကို လုပ်ကြတယ်။ အန်အယ်လ်ဒီက လူတွေ ပါတယ်။ အန်အယ်လ်ဒီ မဟုတ်တဲ့လူတွေလည်း ပါတယ်။ ဒီအပေါ်မှာ အားမလိုအားမရ ဝေဖန်တာ ပြည်သူတွေထဲကလည်း ရှိတယ်။ အန်အယ်လ်ဒီ ထဲကလည်း ရှိတယ်။ အခု လေးနှစ်လည်း ပြည့်လာရော ဘယ်ဝန်ကြီးတွေက စွမ်းဆောင်ရည် သိပ်မတွေ့ရဘူး၊ ဘယ်ဝန်ကြီးတွေက တွေ့ရတယ်။ အဲဒီဝေဖန်သံတွေ ကျနော်တို့ ကြားပါတယ်။ ၂၀၂၀ မှာ ဘယ်သူတွေ ရွေးကောက်ပွဲဝင်ပြီး နိုင်ကြမလဲ၊ ဘယ်သူတွေ အစိုးရအဖွဲ့ထဲ ပါလာမလဲ။ အဲဒါလည်း အချိန်ရှိမယ်ထင်ပါတယ်။ အဲဒီတော့မှ အတိုင်ပင်ခံပုဂ္ဂိုလ်က အကောင်းဆုံး ရွေးမှာပေါ့။ ဘာလို့လဲဆိုတော့ ၂၀၁၅ အတွေ့အကြုံရှိပြီးသွားပြီကိုး။ အန်အယ်လ်ဒီမှာ အရည်အချင်း မရှိဘူး၊ မရှိဘူးနဲ့ ပြောနေကြတာ။ ဒါပေမဲ့လည်း သုံးဖို့တော့ လိုတယ်။ သုံးမှလည်း အရည်အချင်းက တက်လာမှာ။ နိုင်ငံရေးအရ ဆုံးဖြတ်နိုင်တဲ့လူ ရှိဖို့လိုတယ်။ ဘယ်မှာဖြစ်ဖြစ် နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ရပ်တည်ပြီး မဆုံးဖြတ်နိုင်ရင် ကျနော်တို့ နှောင့်နှေးမှု၊ ကြန့်ကြာမှု၊ တန့်နေတာတွေ ဖြစ်လာမယ်။ ဗျူရိုကရက်လို တွေးနေရင် အလုပ်မဖြစ်ဘူး။ တချို့ဟာတွေ နိုင်ငံရေးအရ ရဲရဲတင်တင်း ဆုံးဖြတ်ရမယ်။ အဲဒါ အရေးကြီးတယ်။ ကျနော့်သဘောကတော့ နိုင်ငံရေးအရ Strong ဖြစ်တဲ့သူ တက်လာစေချင်တယ်။” မေး - “ပြီးခဲ့တဲ့ရက်ပိုင်းက အန်အယ်လ်ဒီပါတီရဲ့ နာယက ဦးဝင်းထိန်ရဲ့ ပြောဆိုမှုစကားက တော်တော်လေးစိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက အစိုးရဖွဲ့နိုင်လောက်တဲ့ မဲရလဒ်မရခဲ့ဘူးဆိုရင် ညွန့်ပေါင်းအစိုးရ ဘယ်လိုဖွဲ့မလဲ၊ ဘယ်ပါတီတွေနဲ့ ပူးပေါင်းမလဲ၊ ဘယ်သူတွေနဲ့ ပူးပေါင်းမလဲဆိုတဲ့ စဉ်းစားသုံးသပ်ချက် ရှိခဲ့တယ်လို့ ပြောခဲ့တယ်။ အဲဒီသုံးသပ်ချက်ကို သိခွင့်ရှိမယ်ဆိုရင် ဘယ်လိုမျိုး သုံးသပ်ခဲ့ကြတာလဲ။” ဖြေ - “ရိုးရိုးသားသားပြောရရင် ကျနော်တို့ ပြိုင်ကတည်းက နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ ရှိပြီးသားပေါ့။ အဲဒီတော့ အများစုနိုင်အောင်၊ အစိုးရဖွဲ့နိုင်အောင် ပြိုင်ခဲ့တာပေါ့။ ကျနော်တို့က အစိုးရဖွဲ့မှ ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ စဉ်းစားထားခဲ့တာတွေ ရှိတယ်။ ကျနော်တို့ သိခဲ့တဲ့အသိက ၂၀၁၅ မှာ ကျနော်တို့ အစိုးရဖွဲ့နိုင်မှ ဖြစ်မယ်၊ နိုင်ကိုနိုင်အောင်လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ နိုင်အောင်လုပ်နိုင်တဲ့ ကြိုးစားမှု၊ စည်းရုံးမှု လုပ်ခဲ့တယ်။ အခု ၂၀၂၀ မှာလည်း ကျနော်တို့ခေါင်းထဲမှာ နိုင်အောင်လုပ်မယ်၊ အစိုးရဖွဲ့နိုင်ဖို့ရယ်၊ ဘယ်နေရာတွေမှာ လစ်ဟာလဲ၊ လစ်ဟာတဲ့နေရာမှာ နှစ်ဆတိုးပြီး ကြိုးပမ်းမယ်ပေါ့။ ဆိုပါတော့ ကျနော်တို့ ရှုံးခဲ့တဲ့နေရာတွေ နှစ်ဆ တိုးပြီး လုပ်မယ်။ ဒါပဲ ရှိပါတယ်။” မေး - “ရွေးကောက်ပွဲပြီးသွားလို့ အစိုးရဖွဲ့ပြီးတဲ့အချိန်မှာ ၂၀၁၆ အောက်တိုဘာကနေ စပြီး အစိုးရရဲ့ အကျပ်အတည်းပေါ့နော်။ ရခိုင်မှာ ပဋိပက္ခတွေ ဖြစ်လာတဲ့အနေအထား ရှိတယ်။ ဖွံ့ဖြိုးရေးကိစ္စကို သွားဖို့အတွက် ဒီဘက်ကနေ ဖြေရှင်းရတဲ့ ပြဿနာတွေ အများကြီး ရှိလာတယ်။ ပြည်သူတွေအနေနဲ့လည်း အစိုးရအပေါ်မှာ မျှော်လင့်ချက်နဲ့ မဲပေးခဲ့တယ်ဆိုပေမယ့် လက်တွေ့ လုပ်ဆောင်တဲ့အခါမှာ မျှော်လင့်ချက်တွေက ထိုက်သင့်သလောက် မရလာတဲ့အခါ ဝေဖန်သံတွေ အမျိုးမျိုး ထွက်လာတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ အစိုးရရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ကြည့်မယ်ဆိုရင် အစိုးရက တချို့ကိစ္စတွေမှာ လုပ်ရကိုင်ရ ခက်တဲ့အနေအထားမျိုးတွေ တွေ့နေရပါတယ်။ ဖွံ့ဖြိုးရေးတွေ လုပ်တဲ့အခါမှာ အစိုးရအနေနဲ့ အဓိကအခက်အခဲ အကျပ်အတည်းက ဘယ်လို ပေါင်းစပ်ညှိနှိုင်းမှုတွေက အခက်အခဲ ဖြစ်ခဲ့တာလဲ။” ဖြေ - “တော်တော်ဖြေရခက်တဲ့ မေးခွန်းပါ။ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ သီးသန့် ကိုင်တွယ်တာပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သီးသန့်ကိုင်တွယ်တာပါ။ လူမှုဝန်ထမ်းကယ်ဆယ်ရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း ကူညီပေးပါတယ်။ ရခိုင်အရေးက သီးသန့်ကိုင်တွယ်ပြီးတော့ သီးသန့်စီမံချက်တွေနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တခုက လုပ်ဆောင်ရတာမှာ အခက်အခဲတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မှ ဖြစ်မယ်။ ပြင်နိုင်မှ ကျနော်တို့အတွက် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ဒါတွေအားလုံးက တဆက်တစပ်တည်း ရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်နိုင်သေးသရွေ့ကတော့ ကျနော်တို့ တချို့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ အခက်အခဲရှိနေဦးမှာပါ။ ငြိမ်းချမ်းရေးကလည်း နည်းနည်းကြန့်ကြာမှု ဖြစ်နေတာ။ ကျနော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ပြီးတဲ့နောက်မှာ ရခိုင်အရေး ပေါ်ပေါက်လာတယ်။ ရခိုင်အရေးက နိုင်ငံတကာကပါ အာရုံစိုက်တဲ့အဆင့်အထိ ရောက်လာတယ်။ ဒါတွေကို ကျနော်တို့ စိတ်ရှိလက်ရှိ လုပ်လို့မရဘူး ဖြစ်နေတယ်။ မေးခွန်းရဲ့ အဓိက အဖြေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်နိုင်သေးသရွေ့ အခက်အခဲ၊ အဟန့်အတားတွေ ရှိနေဦးမယ်လို့ ယူဆပါတယ်။” မေး - “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပဲ ၂၀၁၀ အစိုးရ ပေါ်လာခဲ့တယ်။ အခု ဆရာတို့ ဆက်ပြီးတာဝန်ယူနေရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လည်း ဆရာတို့ ကြိုးစားတယ်။ လွှတ်တော်တွင်း ကြိုးစားတယ်။ ဒါပေမဲ့ ၇၅ ရာခိုင်နှုန်း ကန့်သတ်ချက်တွေကြောင့် ပြင်ဆင်လို့ မရနိုင်တဲ့အခြေအနေမျိုး ရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေ၊ ဒီမိုကရေစီ စံနှုန်း ပြည့်ဝတဲ့ ပုံစံတွေ ပေါ်လာအောင်၊ လူထု လိုချင်တဲ့ ဖွဲ့စည်းပုံဥပဒေ ပေါ်လာအောင် ဥပဒေ ပြင်ဆင်ဖို့အတွက်ဆိုရင် ၂၀၂၀ အလွန်မှာ ဘယ်လို ကြိုးစားကြရင် ရနိုင်မလဲ ဆရာ။” ဖြေ - “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ပြင်ရဦးမှာပါပဲ။ တဆင့်ချင်း ပြင်ဖို့ လွှတ်တော်ထဲမှာ တပ်မတော်လည်း ပါဝင်မှု ရာခိုင်နှုန်းအလိုက် လျှော့သွားပါဆိုပြီး အဆိုပြုတယ်။ ကျနော်တို့ဘက်က ပူးပေါင်းဆောင်ရွက်ချင်တယ်။ ဒါက မြန်မာ့နိုင်ငံရေး တည်ငြိမ်သွားမှ လွှတ်တော်ထဲက တဖြည်းဖြည်းချင်း ဆုတ်သွားမယ်လို့ ပြောတယ်။ ဒါဖြင့် မြန်မာ့နိုင်ငံရေး တည်ငြိမ်မယ်၊ မတည်ငြိမ်ဘူး ဘယ်သူက ဆုံးဖြတ်မှာလဲ။ အဲဒါ အရေးကြီးတယ်။ ဆုံးဖြတ်တဲ့လူ ရှိမှ လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်း နောက်ဆုတ်သွားမယ်လို့ ပြောနေတာ။ ဒါကြောင့် ဘယ်သူက ဆုံးဖြတ်မှာလဲ ပြောတာ။ ပြည်သူက ဆုံးဖြတ်မှာ။ အဖွဲ့အစည်းက ဆုံးဖြတ်လို့မရဘူး။ ပြည်သူက ဆုံးဖြတ်မယ်ဆိုရင် ပြည်သူက အခုထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြောအောင် အခု လုပ်နေရတာ။ နေရာတကာတိုင်းမှာ အခက်အခဲတွေ ရှိနေတာကိုး။ ကျနော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားရမှာပါ။ ဒါပေမဲ့ ပြင်လို့မရအောင် လုပ်ထားတာ တချက် ရှိတယ်။ ၇၅ ရာခိုင်နှုန်းဆိုတာ နဂိုကတည်းက ရည်ရွယ်ချက်ရှိရှိ ပြင်လို့မရအောင် လုပ်ထားတာ။ နောက်ဆုံးတော့ ပြည်သူက အဓိကပါ။ ပြည်သူ့အားနဲ့ ပြည်သူက ဒါက လုံးဝကိုပြင်ရမယ်ဆိုတဲ့အချိန်ရောက်ရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေရဲ့ အဆုံးအဖြတ်နဲ့ ပြင်နိုင်မှာပါ။ ၂၀၂၀ ကျနော်တို့ နိုင်ပြီးရင်လည်း ကြိုးစားသွားမှာပါ။” မေး - “အခုကာလမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့သူတွေက အစိုးရရဲ့ စွမ်းဆောင်ရည်တွေပေါ်မှာ ကြည့်ပြီးတော့ လူထုက မဲပေးချင်တဲ့စိတ်နဲ့ စိတ်ပျက်သွားမှာကို စိုးရိမ်ကြတယ်။ အဲဒီတော့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအတွက် ၃၇ သန်း ပြည်သူတွေ မဲပေးခွင့်ရှိတယ်ပေါ့။ အဲဒီထဲကလူတွေ မဲလာပေးဖို့ စိတ်ပျက်သွားမယ်ဆိုရင် ရွေးကောက်ပွဲရလဒ် ဘယ်လို ပြောင်းလဲသွားနိုင်လဲ။” ဖြေ - “ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တဖြည်းဖြည်း ကျဆင်းလာတာရှိတယ်။ တချို့မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ၃၀ ရာခိုင်နှုန်း မရှိဘူး။ မန္တလေးကတော့ ၅၀ ရာခိုင်နှုန်းကျော်လောက်တော့ ရှိတယ်။ အစိုးရရဲ့ အရည်အချင်းကြောင့် စိတ်ပျက်သွားမယ်ဆိုတဲ့ စကားလုံးထက်စာရင် ပါတီအနေနဲ့ စိတ်ပျက်သွားမယ်လို့ သုံးလိုက်ပါ။ အစိုးရ တခုလုံးတော့ မဟုတ်ပါဘူး။ အန်အယ်လ်ဒီတခုတည်း ကြည့်တာမှ မဟုတ်ဘဲ။ ပြောချင်တဲ့သူက အစိုးရတရပ်ကိုပဲ ကြည့်ပြောတာ။ ဒါက နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်ပဲ။ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတာ ဘယ်လောက်တန်ဖိုးရှိတယ်၊ ဘယ်လောက် အရေးပါတယ်ဆိုတာ သိအောင် ကျနော်တို့က ဒါကို ပြောနေတာ။ အန်အယ်လ်ဒီကို မဲပေးဖို့ ပြောနေတာထက်စာရင် ရွေးကောက်ပွဲမှာ မဲပေးတယ်ဆိုတာ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်၊ ဘယ်လောက် အရေးပါတယ်ဆိုတာ သိဖို့လိုတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်။ နောက်ကြောင်းပြန်လှည့်လို့မရဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာသာလျှင် တင့်တောင့်တင့်တယ် နေနိုင်မှာ။ ချမ်းသာတဲ့ နိုင်ငံတွေကလည်း ဒီမိုကရေစီနိုင်ငံတွေချည်းပဲ။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ။ ပါးစပ်က ပြောနေရုံနဲ့မရဘူး။ ပြန်လုပ်ပေးရမယ်။ အစိုးရရဲ့ လုပ်ရပ်ဆိုတာ ဘာလုပ်ရပ်ကို ပြောတာလဲ။ ကျနော် နားမလည်ဘူး။ အကုန်ကောင်းအောင် လုပ်ပေးနေတာပဲ။ ဖွံ့ဖြိုးတိုးတက်တာတွေလည်း လက်တွေ့ ပြနေတာပဲ။ ပြည်သူတွေရဲ့ နိုင်ငံရေးအသိပေါ်လည်း မူတည်ပါတယ်။ မဲလာပေးပါဆိုတာက အန်အယ်လ်ဒီမှာတင် တာဝန်ရှိတာမဟုတ်ဘူး။ တခြားပါတီတွေမှာလည်း တာဝန်ရှိတယ်။ သူတို့လည်း ပြောရမှာလေ။ အန်အယ်လ်ဒီ မဲမပေးချင်လို့ ငါ မဲမပေးဘူးဆိုရင် တိုင်းပြည် နစ်နာတာပဲ ရှိပါတယ်။” မေး - “ထပ်မံဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦး။” ဖြေ - “၂၀၂၀ ရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ကျနော်တို့ မျိုးစေ့ချခဲ့တဲ့ ဒီမိုကရေစီ ရှင်သန်ဖို့ အရေးကြီးတယ်။ ရေလောင်း ပေါင်းသင်ပေးရမယ်။ မျိုးစေ့ချပြီး အပင်ပေါက်လေး ဖြစ်နေပြီ။ အသီးအပွင့်တွေ ဝေဆာဖို့ဆိုတာက ရေလောင်းပေးရမယ်၊ အာဟာရကျွေးပေးရမယ်။ ဒါ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကနေ ရမယ့် အခွင့်အရေးတစ်ခုပဲ။ ၂၀၂၀ မှာ ပြည်သူတင်မြှောက်တဲ့ အစိုးရ၊ တနည်းပြောရရင် အန်အယ်လ်ဒီ ၂၀၁၅ မှာ အနိုင်ရအောင် မျိုးစေ့ချခဲ့တယ်။ ဒီမိုကရေစီ အပင်ပေါက်လေး ရှိလာပြီ။ အသီးအပွင့်တွေဝေလာအောင် စိုက်နိုင်မှ ဖြစ်မယ်။ ဒါကြောင့်နောက်ကြောင်းပြန်မလှည့်ဘဲနဲ့ ဒီမိုကရေစီပန်းတိုင် ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ၂၀၂၀ မှာ အန်အယ်လ်ဒီနိုင်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ ဆက်ပြီး ပြုပြင်ပြောင်းလဲဖို့ လုပ်ရဦးမယ်။ အပြောင်းအလဲတခု လိုက်ပါ ဆောင်ရွက်နိုင်မယ့် အင်စတီကျုရှင်းတွေ လိုနေပါသေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လည်း လိုနေပါသေးတယ်။ ဒါတွေကို ဆက်ပြီးလုပ်နိုင်ဖို့ ပြည်သူများ ကူညီမှ ဖြစ်မယ်။ ၂၀၂၀ ရွေးကောက်ပွဲကို မဲပေးဖို့လိုအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်း ဒါက အရေးကြီးတယ်။ ကျနော်တို့ တရားသောနည်းနဲ့ ယှဉ်ပြိုင်မယ်။ တရားသောနည်းနဲ့ စည်းရုံးမယ်။ တရားသောနည်းနဲ့ အနိုင်ရအောင် ကျနော်တို့ ကြိုးစားမယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ အရေးကြီးပါတယ်။ ဒါဟာ နိုင်ငံရဲ့ ကံကြမ္မာ၊ နိုင်ငံရဲ့အနာဂတ်ကို ဆုံးဖြတ်မယ့် ရွေးကောက်ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up