Home
မြန်မာသတင်း
ကိုယ်ထူကိုယ်ထဓာတ်အားလိုင်းကို အခြားရွာသို့ သွယ်တန်းပေးသဖြင့် သနပ်မျှောင်ရွာသားများ ကန့်ကွက်
DVB
·
June 29, 2020
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ သနပ်မျှောင်ကျေးရွာမှာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားတဲ့ 11 KV ဓာတ်အားလိုင်းကနေ တခြားကျေးရွာ ၂ ခုကို လျှပ်စစ်မီးသွယ်တန်းပေးနေတာကြောင့် ကျေးရွာအနေနဲ့ နစ်နာတယ်လို့ ကျေးရွာသားတချို့က ပြောပါတယ်။ သနပ်မျှောင်ကျေးရွာမှာ လျှပ်စစ်မီး ရရှိဖို့အတွက် ၅ မိုင်လောက်ရှည်တဲ့ ဓာတ်အားလိုင်းကို ဒေသခံတွေက ကျပ်သိန်းပေါင်း ၁၄၀၀ ကျော် အကုန်အကျခံပြီး ၂၀၁၃-၁၄ ခုနှစ်က သွယ်တန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာ သနပ်မျှောင်ရွာနားက ချောင်းရိုးနဲ့ကျိုင်းခမောက်ရွာတို့ကို လျှပ်စစ်မီး ဖြန့်ဖြူးဖို့ နိုင်ငံတော်ရဲ့ညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့ရာမှာ သနပ်မျှောင်ကျေးရွာက စိုက်ထူထားတဲ့ မီးလိုင်းကနေ ချိတ်ဆက်သွယ်တန်းခဲ့တာပါ။ အခုလိုသွယ်တန်းရာမှာ တာဝန်ရှိသူတွေအနေနဲ့ ပြေလည်အောင် မညှိနှိုင်းဘဲ အတင်းအကြပ်လုပ်ဆောင်ခဲ့တယ်လို့ ကျေးရွာသားတစ်ချို့က ပြောပါတယ်။ ဒါကြောင့် မီးတိုင်တွေ စိုက်ထူ ချိတ်ဆက်ဖို့ လုပ်ဆောင်ရာမှာ တာဝန်ရှိသူတွေနဲ့ ကျေးရွာသားတွေအကြား အခြေအနေတင်းမာနေပြီး  ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ ကျေးရွာနေ ဦးစန်းလွင်က ပြောပါတယ်။ "ညှိနှိုင်းဖို့ လာတာရယ်လို့တော့မဟုတ်ဘူး။ သူတို့က သတိလာပေးတာလို့ချည်း ပြောတာ။ ကျနော်တို့ကိုပြောသေးတယ်။ မိုက်ဟစ်တဲ့လူကို၊ ကျနော်က မိုက်နဲ့နှိုးဆော်ပေးတာကိုး။ တိုင်စိုက်လာတော့မှာဟေ့ ဆိုတော့ ကျနော်က ကျေးရွာထဲက ပြည်သူလူထုကို တိုင်စိုက်လာမှာ ချောင်းရိုးနဲ့သနပ်မျှောင်ထဲကို ထွက်ကြပါလို့ မိုက်နဲ့ဆော်ဩပေးတာ။ အဲ့ဒီဆော်ဩတဲ့ကောင် ဖမ်းကွာလို့ကို ခိုင်းတာ ကျနော့်ကို။ နောက်တခါ ရဲအချုပ်ကားလည်းပါတယ်။ ရဲလည်းပါတယ်။ အဲ့ဒီမိုက်ဟစ်တဲ့ကောင်တွေ ဖမ်းလို့ကိုပြောတာ။ ရွာလူထုကကျတော့  တောသူတောင်သားတွေ ဆိုတော့ ကြောက်တယ်လေ။ ရဲတို့ဘာတို့ဆိုရင်လည်း အလကားနေရင်းကိုကြောက်တာ။ အဲဒီတော့ မထွက်ဘူးပေါ့ဗျာ”  လို့ပြောပါတယ်။ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ထားရတာဖြစ်တဲ့အတွက် မီးလင်းရေးကုန်ကျစားရိတ်ရဲ့ သုံးပုံ တစ်ပုံစီကို ပေးသင့်တယ်လို့ အခုဖြစ်စဉ်မှာ ဝင်ရောက်ကူညီပေးနေတဲ့ သံဃာတော်တပါးက မိန့်ပါတယ်။ ကျေးရွာအတွင်း ဓာတ်အားလိုင်းတိုးချဲ့တပ်ဆင်ဖို့ ထရန်စဖော်မာ ဝယ်ယူဖို့ ငွေကြေး လိုအပ်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မီးလိုင်းသွယ်တန်းရာမှာ ကျေးရွာအတွင်းမဖြတ်သန်းဖို့ တောင်းဆိုခဲ့ပေမယ့် ရွာထဲကပဲ ဖြတ်ပြီး သွယ်တန်းထားတယ်လို့ ဆိုပါတယ်။ အခုဖြစ်စဉ်မှာ ဝင်ရောက်ကူညီပေးနေတဲ့ အရှင်ဇာဂရိယက လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီနဲ့ အခု မီးရမယ့်ရွာတွေက လာပြီး ညှိနှိုင်းစေချင်တာလို့ ပြောပါတယ်။  “ကျေးရွာသူ ကျေးရွာသားတွေက ဖြစ်စေချင်တာကညှိနှိုင်းမှုတခုပေါ့ဗျာ။ သူတို့ကုမ္ပဏီက လည်း ညှိနှိုင်းရမယ်။ ချောင်းရိုး၊ ကျိုင်းခမောက်ကလည်း သနပ်မြောင်ကို လာညှိနှိုင်းရမယ်။ အဲ့လိုမျိုး ဖြစ်စေချင်တာ ရွာသူရွာသားတွေက။ အဲ့လိုမျိုးမှ မဖြစ်ဘဲနဲ့ သူတို့ဖာသာသူတို့ နိုင်ထက်စီးနင်း ပုံစံမျိုးနဲ့ လုပ်တာကြီးကိုး။ ဒါကြောင့်မို့ ရွာသူရွာသားတွေ သိပ်မကျေနပ်ဘဲ ဖြစ်နေတာ။ ရွာထဲကနေ ဆွဲသွားတဲ့လမ်းကြောကြီးကို ရွာပြင်ကနေ ဆွဲပေးပါ။ အဲ့ဒါဖြစ်စေချင်တာ။ တကယ်လို့ အဲ့ဒီလိုမျိုး လိုင်းလည်းဆွဲပြီးသွားပြီဆိုရင် သူ့ရဲ့သုံးပုံတစ်ပုံပေါ့ဗျာ။ အဲ့လိုလေးပေးရင်တော့ ဒါ ဦးဇင်းတို့အတွက်လည်း နစ်နာမှုမရှိတော့ဘူးလေ” လို့ ပြောပါတယ်။ မီးလိုင်းသွယ်တန်းဖို့ တာဝန်ရှိသူတွေ လာရောက်တုန်း လုပ်ငန်းကို နှောင့်ယှက်ခဲ့တယ်ဆိုပြီး အမျိုးသမီးတယောက်အပါအဝင် ကျေးရွာသား ၄ ယောက်ကိုလည်း အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။ အမှုဖွင့်ခံထားရတဲ့ ကျေးရွာနေပြည်သူ ဒေါ်သိန်းမြက "ဦးသိန်းစိန် လက်ထက်တုန်းက ကျမတို့ကို မီးလင်းအောင်လုပ်ပေးခဲ့တဲ့ဟာကို အခု ဒီအစိုးရလက်ထက်ကျမှ ကျမတို့ကို ၆ ရက် ၃  လ ပိုင်းကနေပြီးတော့ မီးဖြတ်တောက်ခံရတယ်။ ၂၁ ရက် ၅ လပိုင်းမှာမှ မီးပြန်လင်းပေးတာ။ နှစ်လခွဲကြာမြင့်တယ်။ အရင်အစိုးရလက်ထက်က မီးလင်းအောင်လုပ်ပေးခဲ့တဲ့ဟာကို ကျမတို့ တင်မြှောက်ထားတဲ့ ကျမတို့အစိုးရက ကျမတို့ကို မတရားအနိုင်ကျင့်ပြီး မီးဖြတ်တောက်ခြင်းကို ခံခဲ့ရတယ်။ အဲ့ဒီအတွက် ကျမတို့ပြည်သူလူထုအနေနဲ့ ကျမတို့ ကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ နိုင်ငံတော်မှာကြားနေရတာက သက်ငယ်မုဒိမ်းမှုလို့သာကြားဖူးနေတာ။ ခုတော့ ကျမတို့ ရွာအနေနဲ့ ပြည်သူလူထုအနေနဲ့ လျှပ်စစ်မီးကို မီးမုဒိမ်းကျင့်တယ်လို့ ခံစားရတယ်။"လို့ ပြောပါတယ်။ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်က အခုဖြစ်စဉ်မှာ သနပ်မျှောင်ကျေးရွာအနေနဲ့ မနစ်နာအောင် အကောင်းဆုံး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ဒီပြဿနာနဲ့ ပတ်သက်လို့ ဘယ်သူနဲ့မဆို ဖြေရှင်းရဲတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ သနပ်မျှောင်ကျေးရွာအနေနဲ့ ကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် သွယ်တန်းထားတဲ့ လိုင်းကနေ မီးလိုင်းထပ်မံချိတ်ဆွဲမယ့် ကျေးရွာတွေဆီက တရွာကို ကျပ်သိန်း ၄၀၀ စီပေးဖို့တောင်းဆိုတာဖြစ်ပြီး ကျေးရွာတွေအနေနဲ့လည်း အဲဒီငွေပမာဏကို မပေးနိုင်ဘူးလို့ သိရပါတယ်။လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ စီမံခန့်ခွဲရေကော်မတီတို့နဲ့ သနပ်မျှောင်ရွာကို ၃ ခေါက် သွားပြီး တွေ့ဆုံရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ "ကျနော်က ပြောပြတယ်။ ဒါက နိုင်ငံတော်ရဲ့ စီမံကိန်း။ ပိုက်ဆံကတော့ တောင်းလို့မရဘူး။ ခင်ဗျားတို့ဖာသာ ကျန်တဲ့နှစ်ရွာနဲ့အဆင်ပြေလို့ကတော့ ဘယ်လိုအဆင်ပြေပြေ ဘာမှ ဝင်ပြောစရာ အကြောင်းမရှိဘူး။ ပေးပေးပေါ့ဗျာ။ ကျနော်တို့ကတော့ ပေးပါလို့ပြောလို့မရဘူး။ နိုင်ငံတော်စီမံကိန်း ဖြစ်တဲ့အတွက်။ ခင်ဗျားတို့ 11 လိုင်းကြီးက မှန်တယ်။ ခင်ဗျားတို့ပိုက်ဆံနဲ့ ခင်ဗျားတို့လုပ်ခဲ့တာ မှန်တယ်။ သို့သော်လည်း ခင်ဗျားတို့ရွာ မီးလင်းဖို့အတွက် ဒီ 11 လိုင်းကြီးကို နိုင်ငံတော်ကို ခင်ဗျားတို့ အပ်ထားခဲ့တာ။ စာချုပ်ပါ အချက်မှာ နံပါတ် ၁၄ အချက်က ခင်ဗျားတို့ပါတယ်။ မီးကော်မတီက နေပြီးတော့ လက်မှတ်ထိုးထားရတာ။ အဲ့ဒါကြောင့်မို့ သူတို့မီးတိုင်အချိတ်မခံနိုင်ဘူး။ ပိုက်ဆံပေးမှ အချိတ်ခံမယ် အဲ့လိုတွေဖြစ်ကြတာ" လို့ ပြောပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ပြေလည်အောင် ညှိနှိုင်းပေးပေမယ့် အဆင်မပြေတာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီတင်ပြညွှန်ကြားချက်တောင်းခံခဲ့ပြီး ညွှန်ကြားချက်အရ ရဲအင်အားသုံး ဆောင်ရွက်ခဲ့ရတာတွေရှိတယ်လို့လည်း သိရပါတယ်။ တိုင်းအစိုးရရဲ့ညွှန်ကြားချက်အရ အငြင်းပွားနေတဲ့ လျှပ်စစ်မီးလိုင်းကို ခေတ္တဖြတ်တောက် ထားခဲ့ပြီး ကျေးရွာနေပြည်သူ လေးပုံသုံးပုံလောက်က မီးလိုင်းချိတ်ဆက်တာကို လက်ခံကြောင်း လျှပ်စစ်မီး ပြန်ပေးဖို့ စာတင်တောင်းဆိုတာကြောင့် မီးပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဧပြီလထဲမှာ ကွင်းဆင်းပြီး တွင်းတူးဖို့ လုပ်နေတုန်း ကျေးရွာနေအမျိုးသမီးတချို့က တွင်းတွေကို လုံချည်နဲ့ ဖုံးအုပ်ထားတာကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ရတဲ့အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ရဲ့ ညွှန်ကြားချက်အရ မြို့နယ် လျှပ်စစ်ဦးစီးမှူးက တရားလိုလုပ် တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။ သတင်း-ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024