Home
မြန်မာသတင်း
အတည်ပြုလူနာအမှတ် ၂၉၄ ဒုတိယအကြိမ် စစ်ဆေးမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဟု ဘားအံ ဆေးရုံအုပ်ကြီး ပြော
DVB
·
June 28, 2020
အတည်ပြုလူနာ ၂၉၄ ဟာ ပထမအကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရဘဲ ဒုတိယအကြိမ်မှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ​ဘားအံဆေးရုံကြီး သီးသန့်လူနာ ထားရှိတဲ့ (Isolation Unit) ကို ပြောင်းရွှေ့ပြီး ဆေးဝါးကုသမှု​တွေ ပေးထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်က ပြောပါတယ်။ ဘားအံမြို့ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းမှာ Quarantine နေတဲ့သူတွေကို ဒုတိယကြိမ် ရောဂါပိုးစစ်ဆေးရာမှာ အတည်ပြုလူနာ ၂၉၄ မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ လူနာ ၂၉၄ ဟာ ဇွန် ၈ ရက်နေ့က မလေးရှားနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ပြစ်ဒဏ်ရက်စေ့လွတ်မြောက်ပြီး ထိုင်းနိုင်ငံကတဆင့် မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ပြန်လည်ဝင်ရောက်လာသူ ၃၅ ဉီးထဲက ရောဂါပိုးမတွေ့ရှိလို့ ကျန်နေခဲ့သူ ၁၂ ဦးထဲက နောက်ဆုံး ပိုးတွေ့ရှိခဲ့သူ ဖြစ်ပါတယ်။ ဘားအံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “Quarantine ထွက်ခါနီးပြန်စစ်လိုက်တော့ တစ်ယောက်က Positive ပြန်တွေ့တယ်။ အရင်က စစ်ပြီးသား Negative တွေ့တယ်။ ၂ ကြိမ်စစ်တော့ Positive ဆိုတော့ ကျနော်တို့ဆေးရုံမှာပဲ စောင့်ကြည့်ကုသသွားမယ်”လို့ ပြောပါတယ်။ ဇွန် ၁၉ ရက်နေ့က မလေးရှားနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူ ၃၅ ဉီးထဲက ပထမဆုံးအကြိမ် ရောဂါပိုးတွေ့ရှိခဲ့သူ ၂၃ ဦးကို ရန်ကုန်ဝေဘာဂီဆေးရုံကြီး ၁၈ ဦး၊ မော်လမြိုင် ဆေးရုံကြီး ၄ ဦးနဲ့ ဘားအံဆေးရုံကြီး ၁ ဦး လွှဲပြောင်းပြီး ဆေးကုသမှုတွေ ပေးထားပါတယ်။ ရောဂါပိုးမတွေရှိတဲ့သူတွေကိုတော့ Quarantine သတ်မှတ်ရက်ပြည့်ရင် သက်ဆိုင်ရာဒေသတွေကို ပြန်လည်စေလွှတ်မှာဖြစ်သလို မိမိတို့ဒေသမှာဖွင့်လှစ်ထားတဲ့ Quarantine စခန်းတွေမှာ ထပ်မံဝင်ရောက်ရမှာ ဖြစ်ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024