Home
မြန်မာသတင်း
ကျိုက်ထီးရိုးစေတီတော် နိုင်ငံခြားသား ဇုန်ဝင်ကြေး ကောက်ခံရရှိမှု ထက်ဝက်ခန့် ကျဆင်း
DVB
·
June 28, 2020
သမိုင်းဝင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရဲ့ ၂၀၁၉-၂၀ ခုနှစ်အတွက် နိုင်ငံခြားသား ဇုန်ဝင်ကြေး ကောက်ခံရရှိမှုဟာ အရင်နှစ်တွေထက် ထက်ဝက်နီးပါး ကျဆင်းခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးက ပြောပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို နိုင်ငံခြားသား လာရောက်မှုမှာ ထိုင်းနိုင်ငံက အများဆုံးဖြစ်ပြီး တရုတ်၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီယားနိုင်ငံတွေအပြင် ဥရောပနိုင်ငံတွေက ကမ္ဘာ့လှည့်ခရီးသွားတွေလည်း လာရောက်လေ့လာလည်ပတ်လေ့ရှိပါတယ်။ အခုနှစ် ဘုရားပွဲရာသီကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်သိမ်းလိုက်ရတဲ့အတွက် အခုလို လျော့ကျခဲ့တာလို့ ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဦးဝဏ္ဏအောင်က DVB ကို ပြောပါတယ်။ “အရင်နှစ်တွေက ကျိုက်ထီးရိုးကို နိုင်ငံခြားသားဝင်ရောက်မှုက တစ်သိန်းအထက်မှာ ရှိပါတယ်။ ကိုဗစ်-၁၉ ကြောင့် နိုင်ငံခြားသားတွေလည်းလာလို့ မရတော့ ဇုန်ဝင်ကြေး ကောက်ခံရရှိမှုကလည်း ကျဆင်းသွားတာပါ။ ကျနော်တို့ကတော့ ကျိုက်ထီးရိုးကိုလာတဲ့ နိုင်ငံခြားသားတွေအတွက် စည်ကမ်းစနစ်တကျဖြစ်အောင်လို့ သူတို့ ကျန်းမာရေး၊ လုံခြုံရေး ကိစ္စတစ်ခုခု ဖြစ်လာရင် သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ပေးတာတွေကိုလည်း လုပ်ဆောင်ပေးထားပါတယ်။”  ကျိုက်ထီးရိုးစေတီတော်ကို နိုင်ငံခြားသား လာရောက်လည်ပတ်မှုအတွက် ဇုန်ဝင်ကြေး ကောက်ခံမှုကို မွန်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ ကျိုက်ထို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကောက်ခံနေပြီး ရရှိလာတဲ့ဝင်ငွေတွေကို စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေအဖြစ် ထားရှိ အသုံးပြုထားတယ်လို့ သိရပါတယ်။ ကျိုက်ထီးရိုးစေတီတော်ကို နိုင်ငံခြားသား ဇုန်ဝင်ကြေးအဖြစ် ၂၀၁၈ ခုနှစ် မတိုင်ခင်ကာလထိ တစ်ဦးကို ကျပ် ၆၀၀၀ နှုန်းနဲ့ ကောက်ခံခဲ့ပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်းမှစကာ တစ်ဦးကို ကျပ် ၁၀,၀၀၀ နှုန်း တိုးမြှင့်ကောက်ခံခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားသား ဧည့်ဝင်နှုန်းအနေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၁၀၅,၉၅၆ ဦး ဝင်ရောက်ခဲ့ပြီး ဝင်ငွေ ကျပ် ၁,၀၅၉,၅၆၀,၀၀၀ ရရှိခဲ့ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်ကနေ ၂၀၂၀ ခုနှစ် မတ် ၂၁ ရက်အထိ ၆၆၀၅၁ ဦးဝင်ရောက်ခဲ့ရာ ငွေကျပ် ၆၆၀,၅၁၀,၀၀၀ ကောက်ခံ ရရှိခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး မှတ်တမ်းတွေအရ သိရပါတယ်။ ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024