အိန္ဒိယတွင် တရုတ်လုပ်ကုန်စည်နှင့်ထုတ်ကုန်ကြော်ငြာများကို ဆန္ဒပြသူများ မီးရှို့

အိန္ဒိယမှာ ဆန္ဒပြသူတွေဟာ တရုတ်လုပ်ကုန်စည်တွေနဲ့တရုတ်ထုတ်ကုန် ကြော်ငြာ ပိုစတာ တွေကို ဇွန်လ ၂၇ ရက်မှာ မီးရှို့ခဲ့ကြပါတယ်။  တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံ စစ်သည်တွေဟာ ဟိမဝန္တာတောင်ကြားမှာ ဒီလအစောပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်အပြီး တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ အိန္ဒိယမှာ ပေါ်ပေါက်ခဲ့ပါတယ်။  မြို့တော် နယူးဒေလီမှာ ဆန္ဒပြသူ တအုပ်စုက တရုတ်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆော်သြနေပါတယ်။  အိန္ဒိယနဲ့တရုတ် စစ်သည်တွေဟာ ဇွန် ၁၅ ရက်က ဂယ်ဝမ်တောင်ကြားမှာ နာရအတော်ကြာ ခိုက်ရန် ဖြစ်ပွားခဲ့တာပါ။  သံချောင်းတွေ ရိုက်မြှုပ်ထားတဲ့ သစ်သားတုတ်တွေနဲ့ ကျောက်တုံးတွေကိုသုံးပြီး တဖက်ကို တဖက် ရိုက်နှက်ပစ်ပေါက်ခဲ့ကြပါတယ်။  ဒါကြောင့် အိန္ဒိယစစ်သည် အယောက် ၂၀ သေဆုံးပြီး ၇၆ ဦးထက်မနည်း ဒဏ်ရာရပါတယ်။ တရုတ်ဘက်ကတော့ သူတို့စစ်သည် ဘယ်လောက် ထိခိုက်သေ ဆုံးတယ်ဆိုတဲ့ သတင်းကို မထုတ်ပြန်ပါဘူး။ နှစ်နိုင်ငံ စစ်ဘက်အကြီးတန်းအရာရှိတွေ ဒီသီတင်းပတ်ထဲမှာ တွေ့ဆုံပြီး ရင်ကြားစေ့ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အငြင်းပွားနယ်စပ်မှာ စစ်သည်တွေ တပ်ဆုတ်ကြဖို့ သဘောတူခဲ့ ကြပါတယ်။  ဒါပေမဲ့ ရိုက်တာသတင်းဌာနက ရထားတဲ့ ဂြိုဟ်တုမြေပုံတွေအရ တရုတ်ဘက်က ဂယ်ဝမ်တောင်ကြားနားမှာ အဆောက်အအုံအသစ်တွေ ထပ်ဆောက်နေပါတယ်။  ဆောက်ထားတဲ့ အဆောက်အအုံတွေထဲမှာ အတားအဆီး အပိတ်အဆို့တွေ၊ နံရံတွေ ပါတဲ့ စခန်းသစ် အလားအလာအဆောက်အအုံတွေ၊ ပတ်ဝန်းကျင်နဲ့တသားတည်း ထင်ရအောင် ကိုယ်ယောင်ဖျောက်ထားတဲ့ တဲတွေ၊ အဆောက်အအုံတွေ ပါတယ်လို့ ရိုက်တာက ရေးပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up