Home
မြန်မာသတင်း
အွန်လိုင်း ဆန္ဒဖော်ထုတ်ပွဲများကို အရေးမယူဟု ရဲမှူးကြီးကျော်သီဟ ပြော
ညီငယ်
·
June 27, 2020
အွန်လိုင်း ဆန္ဒဖော်ထုတ်တာတွေဟာ ငြိမ်းစုစီဥပဒေနဲ့ ငြိစွန်းမှုမရှိတာကြောင့် အရေးယူဖို့ မရှိဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးကြီးကျော်သီဟက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကို ထိန်းချုပ်ဖို့ လူစုလူဝေးမလုပ်ဖို့နဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို မသွားဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက လမ်းညွှန်တိုက်တွန်းထားတာကြောင့် အခုနောက်ပိုင်း ဆန္ဒဖော်ထုတ်ပွဲတွေကို အွန်လိုင်းကနေတဆင့် လုပ်လာကြတာပါ။ ရဲမှူးကြီးကျော်သီဟက “အွန်လိုင်းကနေ ဆန္ဒဖော်ထုတ်ခြင်းကတော့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ (ငြိမ်းစုစီ)ဥပဒေနဲ့ ငြိစွန်းမှုမရှိပါဘူး၊ လတ်တလောပေါ့လေ။ ဒါပေမဲ့ အွန်လိုင်းဆန္ဒဖော်ထုတ်ပွဲမှာ သူတို့ရဲ့ ဖော်ပြချက်လေးတွေဟာ ဆက်သွယ်ရေးဥပဒေနဲ့ ဒါမှမဟုတ် တခြားတည်ဆဲဥပဒေတစ်ခုခုနဲ့ ငြိစွန်းတယ်ဆိုရင်တော့ သက်ဆိုင်ရာဥပဒေနဲ့ အရေးယူခံရနိုင်တယ်လို့ ကျတော့်အနေနဲ့ ပြောလိုပါတယ်ဗျ” လို့ ပြောပါတယ်။ ဒါပေမဲ့ ရခိုင်နဲ့ချင်းက မြို့နယ်တချို့ အင်တာနက်ဖြတ်တောက်မှု ၁ နှစ်ပြည့်တဲ့ ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့က ဆူးလေဘုရားအနီး တော်ဝင်ခုံးတံတားပေါ်မှာ အင်တာနက် ဖြတ်တောက်ထားမှုကို ဆန့်ကျင်တဲ့ ဗီနိုင်းတွေ ချိတ်ဆွဲခဲ့ကြလို့ဆိုပြီး အသံအဖွဲ့က ကဗျာဆရာ မောင်ဆောင်းခ အပါအဝင် ၅ ဦးကို ကျောက်တံတားရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ စည်းရုံးလှုံ့ဆော်ရေးမှူး ဒေါ်သဉ္ဇာရွှန်းလဲ့ရည်က “ခုလက်ရှိ တရားစွဲတဲ့သူတွေကိုကြည့်ရင် ဆန္ဒပြတာကို အကြောင်းမကြားလို့ဆိုတဲ့ တုံ့ပြန်ချက်တွေ တွေ့ရတယ်ပေါ့နော်။ ရခိုင်ကသူတွေ ၃ ယောက် ရှိတယ်။ တခြားအမည်မဖော်ရသေးသောသူတွေ တရားစွဲခံရပြီ။ အကြောင်းမကြားလို့ ပုဒ်မ ၁၉ နဲ့တပ်ပြီး တရားစွဲပြန်တယ်ဆိုတော့ ဒီဥပဒကြီးတစ်ခုလုံးက လိုသလိုကြီးပုံဖော်ပြီး ကိုယ့်ဘာသာ ဘာသာပြန်ပြီးတော့ သုံးနေကြတယ်လို့ ကျမတို့ မြင်နေရတယ်။ ဒီ ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ ၅ ယောက်ထက်ပိုလို့ မရဘူးဆိုတာမျိုး ပြောလာတဲ့အခါကျတော့ ကျမတို့ ဆန္ဒပြတာတွေကို အွန်လိုင်းပေါ်ရွှေ့ပေမဲ့ အဲဒါကို အရေးယူလို့မရတော့ အရေးယူလို့ရတဲ့ လက်တွေ့မြေပြင်မှာ လုပ်နေတဲ့ တစ်ယောက် နှစ်ယောက် ဆိုင်းဘုတ်ထောင်ပြီး တီရှပ်ဝတ်တယ်။ ဓာတ်ပုံရိုက်တင်တာတွေကို ဆန္ဒပြတယ်ဆိုပြီး ဒါမဖြစ်မနေကို ဖိနှိပ်ချင်တဲ့ သဘောသဘာဝလို့တော့ မြင်ရတယ်ပေါ့နော်” လို့‌ ပြောပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ အင်တာနက် ပြန်လည်ဖွင့်ပေးဖို့ အွန်လိုင်းက ဓာတ်ပုံတွေတင်ပြီး တောင်းဆိုခဲ့တဲ့ ရမ်းဗြဲလူငယ်ကွန်ရက် တာဝန်ခံ ကိုမျိုးမင်းထွန်းကို ရမ်းဗြဲမြို့နယ်တရားရုံးက ဇွန်လ ၂၅ရက်နေ့က ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် ကျပ် ၂၀၀၀၀ အမိန့်ချမှတ်ခဲ့သလို အင်တာနက်ဖြတ်တောက်မှုချက်ခြင်းရပ် ကမ်ပိန်းဦးဆောင်သူ လူငယ် ၂ ဦးကိုလည်း ငြိမ်းစုစီ ပုဒ်မ-၁၉ နဲ့ ကျောက်ဖြူမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဒီအပေါ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “မြန်မာပြည်မှာ စစ်ဘက်ကော အရပ်ဘက်ကော သူတို့ရဲ့စိတ်ထဲမှာက ဒါအရေးယူသင့်တယ်လို့ ထင်လာရင် အရေးယူလိုက်တာပဲ အဲလိုဖြစ်နေတယ်။ အဲဒီဟာကတော့ ဥပဒေနဲ့မညီဘူးလေ။ တချို့ဆို ၈ လလောက်ကြာမှ အရေးယူတယ်။ စစ်ပွဲတွေရပ်ဆိုလည်း ဒီလိုပဲ ဘာမှမလုပ်ရသေးဘူး၊ ဘာမှလည်း မအော်ရသေးဘူး။ ကျနော်ကတော့ အုပ်ချုပ်သူအာဏာပိုင်တွေက လိုသလို ဥပဒေကို အဓိပ္ပာယ်ဖွင့်ပြီးသွားရင် သူတို့စိတ်ထဲမှာ ဥပဒေဟာ ဖြစ်လာပြီးတော့ ဒါဟာ ဥပဒေနဲ့ မညီဘူး၊ ညီတယ်ဆိုတာ သူတို့ အလိုရှိတယ် မရှိတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်နေတယ်။ ဥပဒေနဲ့အညီ ဆုံးဖြတ်တာ မဟုတ်ဘူးလို့ မှတ်ချက်ပြုချင်ပါတယ်” လို့ ပြောပါတယ်။ အင်တာနက်ပြန်ဖွင့်ပေးဖို့ကို ရခိုင်ပါတီတွေအပါအဝင် အဖွဲ့အစည်း ၇၀ ကျော်ကလည်း နိုင်ငံဆီအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပိုထားသလို တနှစ်ပြည့်တဲ့နေ့မှာပဲ ရခိုင်အပါအဝင် ရန်ကုန် အစရှိတဲ့ဒေသတွေက တက်ကြွလှုပ်ရှားသူတွေက အင်တာနက်ပြန်ဖွင့်ပေးဖို့ အွန်လိုင်းကနေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အစိုးရသက်တမ်း ၄ နှစ်တာကာလအတွင်းမှာ အရပ်သားပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေအပါအဝင် လူပေါင်း ၁၀၅၁ ဦးဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကန့်သတ်တဲ့ ဥပဒေ၊ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံခဲ့ရပြီး အနည်းဆုံး ၅၃၉ မှုရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ကိုဗစ်ကာလ လူမှုဘဝပုံစံသစ်အရ လူစုလူဝေးရှောင်ရှားတဲ့အနေနဲ့ အွန်လိုင်းကနေ ရုံးလုပ်ငန်း၊ အစည်းအဝေးတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေ လုပ်လာနေကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024