အရည်အချင်းစစ်  စာမေးပွဲတိမ်းရှောင်ခဲ့မှုဖြင့် ပါကစ္စတန်လေယာဉ်မှူး ၂၆၂ ဦးကို လိုင်စင်ပိတ်မည်

ပါကစ္စတန်နိုင်ငံမှာ အရည်အချင်းစစ်  စာမေးပွဲတိမ်းရှောင်ခဲ့တယ်လို့ သံသယရှိတဲ့ လေယာဉ်မှူး ၂၆၂ ယောက်ကို  လေယာဉ်မောင်းခွင့် ပိတ်သွားမယ်လို့  လေကြောင်းဝန်ကြီးက ဇွန် ၂၆  ရက်မှာ ပြောပါတယ်။  ၂၀၁၈ နှောင်းပိုင်းက စလို့ လေယာဉ်မှူးတွေနဲ့အရပ်ဘက် လေကြောင်းဝန်ထမ်းတွေ ပေါင်းပြီး စာမေးပွဲ တိမ်းရှောင်တဲ့ ကိစ္စတွေကို စုံစမ်းနေတယ်လို့လည်း  လေကြောင်းဝန်ကြီး ဂူလမ် ဆာဝါခန်းက ပြောပါတယ်။ လေယာဉ်မောင်းခွင့် တားမြစ်ခံရတဲ့  လေယာဉ်မှူးအားလုံးဟာ  သူတို့ကိုယ်စား  တခြားသူတစ်ယောက်ကို စာတမ်းတင်ခိုင်းတာမျိုးနဲ့  တခါတလေမှာ  လေယာဉ်မှူး လိုင်စင်ရဖို့  စုစုပေါင်း  စာတမ်း ၈ စောင်လောက်သာ တင်ရတယ်လို့ ဂူလမ် ဆာဝါခန်းက ဆိုပါတယ်။ ပြီးခဲ့တဲ့လက ကရာချိမြို့ လူနေရပ်ကွက်ပေါ် ပျက်ကျခဲ့တဲ့ လေယာဉ်စုံစမ်းရေးမှာ  လေယာဉ်မှူးတွေက အရေးပေါ်အခြေအနေမှာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို မလုပ်ဆောင်ဘဲ  သတိပေးချက်တွေကို အလေးမထားတာကြောင့် ခုလို  လုပ်ဆောင်ခဲ့တာပါ။   လူ ၉၉ ယောက် လိုက်ပါလာတဲ့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (PIA)  ပိုင် ဂျက်လေယာဉ်ဟာ မေလ ၂၂ ရက် ညနေ  ၃ နာရီအချိန်က  ကရာချီမြို့အနီး ဂျင်းနားအပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုအဆင်း မိနစ်ပိုင်းအလိုမှာ လူနေရပ်ကွက်တခုပေါ် ပျက်ကျခဲ့ပြီး ၉၇ ဦးသေဆုံးခဲ့တာပါ။ ပျက်ကျမှု ဖြစ်ခဲ့တဲ့  နိုင်ငံပိုင် (PIA) လေကြောင်းလိုင်းက  သံသယဖြစ်ဖွယ် လိုင်စင်ရထားတဲ့ လေယာဉ်မှူးတွေကို လေယာဉ်မောင်းခွင့် ပိတ်သွားမယ်လို့  ဇွန်လ  ၂၅ ရက်က ပြောခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up