ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဘီလီယံ ဖြန့်ဖြူးရန် WHO ပြင်ဆင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ လာမယ့် ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှာ ကမ္ဘာတဝန်းလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဘီလီယံအထိ ဖြန့်ဖြူးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဇွန် ၂၆ ရက်နေ့က ပြောပါတယ်။ ဒါဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက်အဖွဲ့ရဲ့ Access to COVID-19 Tools Accelerator အစီအစဉ်ဖြစ်ပြီး ဒီနှစ် ဧပြီမှာ စတင်ခဲ့တာပါ။  ဒီထဲမှာ အားလုံးအတွက် ညီတူညီမျှ ဆေးရရှိရေးသေချာဖို့ အားလုံးနဲ့ပူးပေါင်း ဆောင်ရွက်ထားပြီး အစိုးရတွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေများစွာ ပါဝင်ပါတယ်။ အစီအစဉ်အရ လာမယ့် ၂၀၂၁ နှစ်လယ်မှာ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းနိုင်ငံတွေမှာ ဆေးစစ်မှု သန်း ၅၀၀ လုပ်ပြီး ကုသမှု ၂၄၅ သန်းကို လုပ်ဆောင်မယ်လို့ ဆိုပါတယ်။  WHO ရဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် ဂီဘရီယေးယပ်စ်ကတော့ ပိုက်ဆံပေးနိုင်တဲ့သူတွေမှ မဟုတ်ဘဲ အားလုံးအတွက် ဗိုင်းရပ်ကာကွယ်ရေး၊ ခြေရာခံရေးနဲ့ ကုသရေးကို လုပ်ဆောင်သွားမယ်လို့ ပြောတာကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up