Homeမြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် မြန်မာ့စိုက်ပျိုးမွေးမြူရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၂၀၀ ချေးမည်
ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် မြန်မာ့စိုက်ပျိုးမွေးမြူရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၂၀၀ ချေးမည်
DVB
·
June 27, 2020
ကိုဗစ်-၁၉ ကြောင့် ထိခိုက်ရတဲ့ မြန်မာ့စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ချေးပေးမယ်လို့ ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ပါတယ်။
ဒီစီမံကိန်းကနေ လူဦးရေ ၆ သိန်းလောက် အကျိုးခံစားနိုင်မယ်လို့ မျှော်မှန်းထားပြီး အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက မြန်မာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်မှာဖြစ်ပြီး မနေ့က အတည်ပြုလိုက်ပါတယ်။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေ တိုးမြှင့်ရေး၊ သီးနှံအမျိုးအစားတွေ စုံစုံလင်လင်စိုက်ပျိုးရေးနဲ့ ဈေးကွက်ချိတ်ဆက်တာကောင်းစေဖို့ လုပ်မှာဖြစ်ပြီး ဒီစီမံကိန်းမှာ လူဦးရေး ၅၆၀၀၀၀ လောက်အကျိုးခံစားရမှာဖြစ်ပြီး အမျိုးသမီး ၂၂၀၀၀၀ လောက်ပါမယ်လို့ ဆိုပါတယ်။
ဇွန် ၂၅ ရက်က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ စီးပွားရေးနှုန်းဟာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ၀ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းလာတဲ့အပြင် ထပ်ပြီးကျနိုင်သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် COVID-19 ကာကွယ်တားဆီးရေးအတွက် ပိတ်ဆို့ကန့်သတ်တာတွေကြောင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေမှာ ထိခိုက်နေပြီး ကျေးလက်နေသူတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစီမံချက်ကနေ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ တိုးတက်အောင်လုပ်မှာဖြစ်သလို ဆင်းရဲတဲ့ အိမ်ထောင်စုတွေ၊ အထူးသဖြင့် နိုင်ငံခြားကနေ အလုပ်လက်မဲ့ဖြစ်ပြီး ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဗောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ် ရှာမန်က “COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နောက်ထပ် ၃ လကနေ ၆ လအထိ ဝင်ငွေတွေ ဆက်ကျနေမယ်ဆိုရင် စိုက်ပျိုးမွေးမြူရေးလုပ်တဲ့မိသားစုတွေကြား ဆင်းရဲနွမ်းပါးတဲ့ လူဦးရေ ၂ သန်းကနေ ၄ သန်းအထိ တိုးလာပါလိမ့်မယ်” လို့ ပြောပါတယ်။
ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်တာလျှော့ချဖို့၊ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့နဲ့ လူနာတွေကို ကုသဖို့အတွက် ပြီးခဲ့တဲ့ ဧပြီကပဲ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ နဲ့ အရေးပေါ်ထောက်ပံ့ရေး အစီအစဉ်အရ ဒေါ်လာ ၈ သန်း ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် ဆင်းရဲနွမ်းပါးသူတွေနဲ့ အင်အားနည်းတဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့၊ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုဖို့၊ စီးပွားရေးတွေ ပြန်ထူထောင်တာ မြန်ဆန်စေဖို့အတွက် နိုင်ငံပေါင်း ၁၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော်ကို ၁၅ လတိုင်တိုင် ထောက်ပံ့သွားမယ်လို့လည်း ဆိုပါတယ်။