ချန်ပီယံ လီဗာပူးအသင်းကို မန်စီးတီးနည်းပြ ချီးကျူး

လီဗာပူးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ထိုက်တန်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ထုတ်ဖော်ချီးကျူးခဲ့ပြီး မန်စီးတီးအသင်းကိုလည်း လာမယ့်ရာသီမှာ ပိုပြီးကောင်းမွန်တဲ့အသင်းအဖြစ် မြင်တွေ့စေရမယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။  ချန်ပီယံဟောင်း မန်စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းကို စတန်းဖို့ဒ်ဘရစ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို လီဗာပူးအသင်းထံ လွှဲပြောင်းပေးလိုက်ရပြီ ဖြစ်ပါတယ်။  လီဗာပူးမတိုင်ခင် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တာဖြစ်ပြီး ၂၀၁၇/၁၈ ရာသီမှာ ချန်ပီယံဘွဲ့ကို စံချိန်တင်ရမှတ်နဲ့ရရှိခဲ့သလို ပြီးခဲ့တဲ့ ရာသီမှာလည်း လီဗာပူးအသင်းကို တစ်မှတ်အသာနဲ့ ပန်းဝင်ခဲ့တာ ဖြစ်ပါတယ်။  ဒါပေမဲ့ ဒီနှစ်မှာတော့ လီဗာပူးအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ ယာဂန်ကလော့ပ်ရဲ့အသင်းဟာ ရာသီကုန်ဖို့ ခုနစ်ပွဲအလိုမှာတင် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အနောက်လန်ဒန်မှာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဂွါဒီယိုလာက “တကယ်ကို ထိုက်တန်မှုရှိပါတယ်။ လီဗာပူးအသင်းဟာ တစ်ရာသီလုံးကို ရင်သပ်ရှုမောဖွယ်ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။  အခုရာသီမှာ ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေကို သင်ခန်းစာယူပြီး နောက်ရာသီမှာ အသင်းကို တိုးတက်လာအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ “အခု သူတို့ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါပြီ။ သူတို့ကို ဂုဏ်ပြုပါတယ်။ သူတို့ ကောင်းကောင်းလုပ်နိုင်ခဲ့ကြပါတယ်။ ကျနော်တို့အသင်းမှာ တိုးတက်ဖို့ လိုအပ်ချက်ရှိပါတယ်။ ဒါ့ကြောင့် နောက်နှစ်မှာ ကျနော်တို့ ပထမနေရာကို ပြန်လည်ရယူနိုင်ပါတယ်။ အရှုံးကို လက်ခံရတာဟာ မလွယ်ကူပါဘူး။ ဒါပေမဲ့ လာမယ့်ရာသီမှာ ဘာဖြစ်မလဲဆိုတာကို တွေ့ရပါလိမ့်မယ်” လို့ ဂွါဒီယိုလာက တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up