Homeမြန်မာသတင်း
ပုဂံ အထင်ကရဘုရားများ ပြန်ဖွင့်နိုင်ရန် စစ်ဆေးပြီးဟု ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးပြော
ပုဂံ အထင်ကရဘုရားများ ပြန်ဖွင့်နိုင်ရန် စစ်ဆေးပြီးဟု ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးပြော
DVB
·
June 27, 2020
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသက အထင်ကရဘုရားတွေကို အစိုးရက ပြန်လည်ခွင့်ပြုပါက အဆင်သင့်ဖွင့်လှစ်နိုင်ဖို့ ကိုဗစ်ကာလ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ စစ်ဆေးပြီးပြီလို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“အထင်ကရ ဘုရားကြီး ၁၄ ဆူကိုတော့ ပြန်လည်ဖွင့်လှစ်မယ်ဆိုရင် ဖွင့်လို့ရအောင် Social Distancing ညီအောင် ကွင်းဆင်းစစ်ဆေး ခိုင်းထားပြီးပြီ၊ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အမိန့်တွေ ဖြေလျှော့မှသာလည်း တရားဝင်ခွင့်ပြုမှာ” လို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောပါတယ်။
ပုဂံဒေသမှာ အခုလက်ရှိ ပြည်တွင်းခရီးသွားဧည့်သည်တချို့ကိုလည်း ပြန်လည်မြင်တွေ့နေရပြီး ပုဂံညောင်ဦးဒေသအတွင်းရှိ ဟိုတယ်နဲ့ တည်းခိုခန်း ၂၂ လုံးနဲ့ ညောင်ဦးလေဆိပ်ကိုလည်း ပြန်ဖွင့်ထားတယ်လို့ ဆိုပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ကိုဗစ်-၁၉ ကာလ ပိတ်ထားခဲ့တာဖြစ်ပြီး အခုအချိန်မှာ အထင်ကရ ဘုရားကြီးအချို့အား ဖူးမြော်ခွင့်ကို ၇၂ နာရီကျန်းမာကြောင်း ထောက်ခံချက်၊ အပူချိန်တိုင်းတာနဲ့ နေရပ်လိပ်စာ မှတ်တမ်းတွေယူပြီး မနက် ၉ နာရီမှ ည နေ ၄ နာရီအတွင်း အချိန်ပိုင်း ဖူးခွင့်ပေးထားတယ်လို့ အာနန္ဒာဘုရား ဂေါပက ဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောပါတယ်။
ကိုလင်း(ချောက်)