ဂျပန်တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၇၉ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခေါ်
DVB
·
June 27, 2020
ဂျပန်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၇၉ ဦးအား မနေ့ညက ကယ်ဆယ်ရေးလေယာဉ်နဲ့ ဒုတိယအကြိမ် ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံသား ၁၇၉ ဦးကို ဒုတိယအကြိမ်အဖြစ် All Nippon Airways ကယ်ဆယ်ရေးလေယာဉ်နဲ့ တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ခေါ်ဆောင်ပေးခဲ့တာဖြစ်ပြီး ည ၇ နာရီမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။
ပြန်လည်ရောက်ရှိလာသူတွေကို ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်ဖို့ ရန်ကုန်တိုင်းအစိုးရက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဂျပန်ရောက် မြန်မာနိုင်ငံသား ၁၉၅ ဦးကို ပထမအကြိမ် ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားကြောင့် မြန်မာနိုင်ငံကို ပျံသန်းတဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကို ယာယီရပ်ဆိုင်းတာကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း ၅၅၀၅ ဦအား ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးပြီလို့ သိရပါတယ်။