ဓနုဖြူ-ညောင်တုန်း ကားလမ်းတွင် ၆ ဘီးယာဉ်တိမ်းမှောက်၊ ခြံလုပ်သား ၁၈ ဦး ဒဏ်ရာရ
DVB
·
June 27, 2020
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှာ ဇွန်လ ၂၆ ရက်နေ့မနက်ပိုင်းက ခြံလုပ်သား ၁၈ ဦးကို တင်လာတဲ့ ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်တာကြောင့် ၁၈ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဓနုဖြူမြို့ကနေလာတဲ့ ခြောက်ဘီးယာဉ်ဟာ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ ရိုးကြီးတံတားအနီးမှာ ကားစီယာတိုင်တိုင်းလော့ပြုတ်ပြီး လမ်းဘေးယာဘက်မြောင်းထဲ တိမ်းမှောက်ခဲ့တာလို့ သွားရောက်ကူညီပေးခဲ့တဲ့ ပီတိလူငယ်ပရဟိတအသင်းမှ ကိုထက်နိုင်အောင်က ပြောပါတယ်။
“ကျနော်တို့ရောက်တော့ ဒဏ်ရာရရှိထားသူ ၈ ယောက်လောက်ပဲ ရှိတော့တယ်။ ကျန်တဲ့လူနာတွေက တခြားကားတွေနဲ့ကူညီပြီး ညောင်တုန်းမြို့ဆေးရုံကြီးကို ပို့ပေးကြတယ်၊ လူအသေအပျောက်မရှိတာပဲ တော်တော်ကံကောင်းတယ်ပဲပြောရမယ်။”
ဒဏ်ရာရရှိသူတွေထဲက ၁ ဦးကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်း အောင်ပြည့်ဖြိုးကို ညောင်တုန်း မြို့မရဲစခန်းမှာ ယာဉ်(ပ)၁၅/၂၀၂၀ ရာဇသက်ကြီးပုဒ်မ ၃၃၈/၃၃၇ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ-ထက်နိုင်အောင်(ပီတိလူငယ်ပရဟိတအသင်း-ညောင်တုန်း)