Home
မြန်မာသတင်း
ကိုဗစ်-၁၉  လူနာအမှတ် ၂၄၂  မကွေးဆေးရုံကြီးမှဆင်း 
DVB
·
June 26, 2020
မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး ငါးထပ်ဆောင်မှာ ကုသပေးနေတဲ့ သရက်မြို့နယ်ထဲက ကိုဗစ်-၁၉ လူနာအမှတ် ၂၄၂ ကို ဇွန်လ ၂၆ ရက်နေ့မှာ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။ သရက်မြို့နယ်ထဲက ကိုဗစ်-၁၉ လူနာအမျိုးသမီးရဲ့ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် နမူနာရယူ ဓာတ်ခွဲစစ်ဆေးခဲ့ရာ Negative နှစ် ကြိမ်ပြလို့ ဆေးရုံဆင်းခွင့်ပေးလိုက်တာပါ။ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက "သရက်မြို့နယ်က လူနာအမျိုးသမီးကို ဆေးရုံဆင်းခွင့်ပြုလိုက်ပေမဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို မှာကြားပြီး သရက်မြို့ Quarantine စင်တာမှာ နှစ်ပတ်၊ နေအိမ်မှာ တစ်ပတ် နေထိုင်ပြီးမှ ရောဂါပိုးကင်းစင်သူ အဖြစ်သတ်မှတ်မှာဖြစ်တယ်လို့" ဒီဗွီဘီကို ပြောပါတယ်။ မကွေးတိုင်းအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ လူနာ ၃ ဦးတွေရှိခဲ့ပြီး မြို့သစ်မြို့နယ်နဲ့ သရက်မြို့နယ်က လူနာတွေကို မကွေးပြည်သူ့ဆေးရုံကြီးမှာ ကုသပေးခဲ့ကာ တောင်တွင်းကြီးမြို့နယ်က လူနာကိုတော့ မကွေးသင်ကြားရေးဆေးရုံကြီးမှာ ကုသပေးခဲ့တာပါ။ ဆေးရုံကဆင်းသွားတဲ့ လူနာအမျိုးသမီးက  "တာဝန်ကျ ဆရာ၊ ဆရာမတွေရဲ့ စောင့်ရှောက်ကုသပေးမှုကြောင့် ရောဂါပိုး မတွေ့ရှိတော့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ နိုင်ငံတော်အကြီးအကဲတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်"လို့ ပြောပါတယ်။ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှာ ဒီကနေ့အချိန်ထိ ကိုဗစ်-၁၉  စောင့်ကြည့်/သံသယ လူနာ ၉၂ ဦးတက်ရောက်ကုသခဲ့ပြီး ၈၉ ဦးမှာ ရောဂါပိုးမတွေ့ရဘဲ ဆေးရုံဆင်းခွင့်ပြုလိုက်သလို ကျန်ရှိတဲ့ ၃ ဦးကိုတော့ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးထားတယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024