သတင်းမှားဖြန့်ဝေသူများကို ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု ဦးဇော်ဌေးပြော
DVB
·
June 26, 2020
သတင်းအမှားတွေကို ဖြန့်ဝေပြီး နိုင်ငံရေးရှုပ်ထွေးမှုတွေ ဖြစ်ပေါ်အောင် ဆောင်ရွက်နေသူတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီကနေ့ ဇွန်လ ၂၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ လက်ရှိအစိုးရတာဝန်ရှိသူတွေအတွက် မြေကွက်ချထားပေးမှုအကြောင်း ပြောကြားခဲ့ပြီးနောက်မှာ ဦးဇော်ဌေးနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတာပါ။
ဒါတွေဟာ ရွေးကောက်ပွဲနားနီးလာတဲ့အချိန်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီး ဖော်ထုတ်အရေးယူသွားမှာလို့ ဆိုပါတယ်။
ဦးဇော်ဌေးက " ရွေးကောက်ပွဲနီးလာပြီး ကမ်ပိန်းတွေက စတဲ့အချိန်မှာ ဒီထက်ပိုပြီး ဆိုးလာမယ်။ ဆိုးလာပေမယ့်လို့ ကျနော်တို့ကတော့ သတိပေးချင်တာကတော့ ဒီပေ့ချ်တွေကိုလည်း ကျနော်တို့ ဖော်ထုတ်နေတယ်။ အဲဒီမှာပါဝင်ပတ်သက်တဲ့သူတွေကိုပေါ့နော် အလားတူ စိစစ်ဖော်ထုတ်လို့ရတာဆိုရင် အရေးယူပါမယ်။ စိစစ်ဖော်ထုတ်ဖို့လည်း ကြိုးစားနေပါတယ်။ ထိထိရောက်ရောက်အရေးယူမယ်။ ဘယ်သူတွေလဲဆိုတာကိုတော့ ကျနော်တို့ ရိပ်ဖမ်းသံဖမ်း ခန့်မှန်းချက်အနေနဲ့ သိပါတယ်။ ပြောရရင်တော့ သက်ဆိုင်ရာအုပ်စုတစ်စုကနေ ငွေတွေပုံပေးပြီးတော့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိ Group တွေ ဖွဲ့တယ်။ ပေ့ချ်တွေလုပ်တယ်။ မီဒီယာတွေထောင်တယ်။ အဲ့လူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ ကျနော်တို့သိတယ်။ "လို့ ပြောပါတယ်။
မြေကွက်တွေနဲ့ ပတ်သက်ပြီး သမ္မတအိမ်တော်မှာ ဦးဇော်ဌေး ဖြေကြားခဲ့ပြီးနောက် အစိုးရနဲ့ အန်အယ်လ်ဒီပါတီကို နောက်ကျောဓားနဲ့ထိုးတယ်လို့ မုံရွာအောင်ရှင်ပြော ဆိုပြီး သတင်းအမှားတစ်ခုထွက်ပေါ်လာသလို အတိုင်ပင်ခံရုံးက ညွှန်ချုပ်တစ်ဦးထပ်မံခန့်ထားရာမှာလည်း ဦးဇော်ဌေး အငြိမ်းစားယူသွားပြီဆိုပြီး သတင်းအတုတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။
" နိုင်ငံရေးအရ တရားမျှတသော ယှဉ်ပြိုင်ခြင်းတွေလုပ်ပါ။ ဗဟိုအစိုးရမှာ အားနည်းချက်ရှိတယ်၊ ထောက်ပြပါ။ သို့သော် ဒီလိုမျိုး မှားယွင်းတဲ့သတင်းတွေအပေါ်မှာပေါ့နော် ရည်ရွယ်ချက်ရှိရှိဖြန့်တယ်။ အဲ့ပို့စ်ဆိုရင် ပိုက်ဆံသုံးပြီး Boost လုပ်တာဖြစ်တယ်။ အဲ့အပိုင်းလည်း ကျနော်တို့တွေ့ရတယ်။ အဲဒီအခါကျတော့ စိစစ်နေတယ်။ ဖော်ထုတ်မယ်။ အရေးယူမယ်။ အထူး သဖြင့် နေပြည်တော်အသိုင်းအဝိုင်းမှာနေကြတဲ့သူတွေ ကျနော်တို့ သတိပေးလိုပါတယ်။ အကြမ်းဖျင်းတော့ ဖော်ထုတ်နေပါပြီ။ ပြီးရင်တော့ ဥပဒေနဲ့အညီ အရေးယူမယ် " လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)