Homeမြန်မာသတင်း
ရှမ်းပြည်နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ကို လွဲမှားထုတ်ပေးသည့်ဝန်ထမ်း ၆ ဦးကို အရေးယူ
ရှမ်းပြည်နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ကို လွဲမှားထုတ်ပေးသည့်ဝန်ထမ်း ၆ ဦးကို အရေးယူ
DVB
·
June 26, 2020
ရှမ်းပြည်နယ်အတွင်းမှာ အစိုးရသက်တမ်း ၄ နှစ်အတွင်း ဥပဒေနဲ့မညီဘဲ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ကို လွဲမှားထုတ်ပေးခဲ့တဲ့ မြို့နယ်ဦးစီးမှူးအပါအဝင် မြေတိုင်းစာရေး ဝန်ထမ်းတွေကို အရေးယူထားတယ်လို့ သိရပါတယ်။
၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနဲ့မညီဘဲ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ထုတ်ပေးသူကို ဘယ်လိုဆောင်ရွက်သလဲဆိုတာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး မှာ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါတယ်။
၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနဲ့မညီဘဲ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ထုတ်ပေးခြင်းကြောင့် တောင်ကြီးမြို့နယ်မြေတိုင်း တစ်ဦး၊ ရပ်စောက်မြို့နယ် ဒုဦးစီးမှူး တစ်ဦး လက်ထောက်ဦးစီး နှစ်ဦး၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့ မြို့နယ်ဦးစီးတစ်ဦးနဲ့ မြေတိုင်းတစ်ဦးတို့ကို အရေးယူထားတယ်လို့ ရှမ်းပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြောပါတယ်။
ရှမ်းပြည်နယ်မှာ လယ်ယာမြေအငြင်းပွားမှုနဲ့ မြေယာပြဿနာအမှုတွဲတွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ အများဆုံး ဖြစ်ပွားတယ်လို့ဆိုပါတယ်။
လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်း ပြန်လည်စိစစ်ရေးကော်မတီဝင်တွေ မြေပြင် ကွင်းဆင်းတဲ့အခါ ပုံစံ ၇ ထပ်နေတာ ပြန်လည်စွန့်လွတ်မြေကို မူလတောင်သူမဟုတ်ဘဲ အခြားသူကပုံစံ ၇ ရရှိနေတာတွရှိနေတာကြောင့် လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မှာ ရပ်ကျေး လယ်ယာမြေအငြင်းပွားမှုဖြေရှင်းခြင်း၊ အယူခံခြင်းနဲ့ ပတ်သက်ပြီး ရပ်ကျေး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ လားရှိုး မြို့နယ်ကို အယူခံတင်ထားတဲ့ အမှုပေါင်း ၁၀၀ မှုရှိရာမှာ ၇၆ မှုက ဖြေရှင်းပြီးဖြစ်ပါတယ်။
ဒါ့အပြင် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲ မှုအဖွဲ့ ဆုံးဖြတ်ချက်ကိုမကျေနပ်ဘဲ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုထံ အယူခံဝင်တဲ့ အမှု ၆၇ မှုမှာ ၂၇ မှုဖြေရှင်းပြီးဖြစ်ကာ ခရိုင်ဆုံးဖြတ်ချက်ကိုမကျေနပ်ဘဲ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ အယူခံမှု ၅၆ မှုမှာ ၃၅ မှုဖြေရှင်းပြီးဖြစ်တယ်လို့ သိရပါတယ်။
သတင်း-ခွန်ရာဇာ