တရုတ်နိုင်ငံ၌ လူသတ်မှုကျူးလွန်ခဲ့သည့် မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဝရမ်းထုတ်
DVB
·
June 26, 2020
လုပ်အားခ ကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံအတွင်း လူသတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို တရုတ်နိုင်ငံ-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးရုံး (BLO)ရဲ့ ဆက်သွယ် အကြောင်းကြားချက်အရ ဇွန် ၂၅ ရက်နေ့က အမှုဖွင့်လှစ် ဆောင်ရွက်ခဲ့တယ်လို့ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၂၀၁၇ ခုနှစ် မေလ ၂၃ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်းခရိုင်ထဲက ချင်ယုံဟွာရွာမှာနေတဲ့ တရုတ်နိုင်ငံသား လီကျင်ကော့ ၄၂ နှစ်ဟာ လည်ပင်းမှာ ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွားခဲ့တာပါ။
စုံစမ်းစစ်ဆေးချက်တွေအရ သေဆုံးသူနဲ့ အလုပ်အတူတူလုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား နှစ်ဦးက လုပ်အားခ ကိစ္စနဲ့ပတ်သက်လို့ စကားများ ရန်ဖြစ်ကြရာကနေ မကျေမနပ်ဖြစ်ပြီး ဓားနဲ့ခုတ်သတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာအလုပ်သမား ၂ ဦးဟာ လူသတ်မှု ကျူးလွန်ပြီး မြန်မာနိုင်ငံအတွင်း ထွက်ပြေး တိမ်းရှောင်နေတာကြောင့် အခုလို ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
ဒါကြောင့် ပြစ်မှုကျုးလွန်သူတွေဖြစ်တဲ့ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာနဲ့ ကုန်းဇောင်းကျေးရွာမှာ နေထိုင်တဲ့ ဦးသိန်းထိုက်အောင်နဲ့ ဦးသန့်ဇင်မိုးတို့ကို အမှုဖွင့်လှစ်ပြီး ဖမ်းဝရမ်း ထုတ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သတင်း - မင်းခန့်ကိုကို