Homeမြန်မာသတင်း
ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၅၄ ဦးကို ရန်ကုန်ပြန်ရောက်
ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၅၄ ဦးကို ရန်ကုန်ပြန်ရောက်
DVB
·
June 26, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလ ဖိလစ်ပိုင်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာသင်္ဘောသား စုစုပေါင်း ၁၅၄ ဦးကို ဇွန်လ ၂၅ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ဖို့ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၁၁ ဦးနဲ့ Norwegian၊ Costa Atlantica နဲ့ Viking Orion အပျော်စီး သင်္ဘောတွေပေါ်မှ မြန်မာသင်္ဘောသားအမှုထမ်း ၂၈ ဦး စုစုပေါင်း ၁၃၉ ဦးကို မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်နဲ့ မနေ့ညက ပြန်လည် ရောက်ရှိလာခဲ့တာပါ။
အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဆိပ်ကမ်းမှာ သောင်တင်ပိတ်မိကာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာသင်္ဘောသား ၁၂ ဦးနဲ့ မြန်မာနိုင်ငံသို့ပြန်ဖို့ အခက်အခဲကြုံတွေ့ နေရတဲ့ မြန်မာနိုင်ငံသား ၃ ဦး စုစုပေါင်း ၁၅ ဦးတို့ကိုလည်း Air KBZ လေကြောင်းလိုင်း အထူး လေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ မနေ့ညနေက ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။
ရန်ကုန်ပြန်ရောက်လာသူတွေကို ကျန်းမာရေး စိစစ်ပြီး သတ်မှတ်နေရာတွေမှာ (၂၁) ရက်တာ အသွားအလာကန့်သတ် quarantine ထားရှိမှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလ နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် နိုင်ငံအသီးသီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာမှာ မြန်မာသင်္ဘောသား ၁၀၀၀ ကျော်အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၅၃၂၅ ဦး နေရပ်ပြန်လာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- MOFA