ရာသီမကုန်ခင် လီဗာပူးအသင်း ပရီးမီယားလိဂ်ချန်ပီယံဆု ဆွတ်ခူး

ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ မှာ ချဲလ်ဆီးအသင်းက မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် လီဗာပူးအသင်းဟာ နှစ် ၃၀ ကြာကာလရှည်စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို  ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။  ဒါဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း လီဗာပူးအသင်းအတွက် ပထမဆုံးသောလိဂ်ဖလားလည်း ဖြစ်ပါတယ်။  ဒီပွဲမှာ ပူလီဆစ်က ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပြီး ဒီဘရိုင်း က မန်စီတီးအသင်းအတွက် ခြေပဂိုးကို ရယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာ မန်စီတီးနောက်ခံလူ ဖာနန်ဒင်ဟိုဟာ အနီကတ်ထိခဲ့ပြီး ပင်နယ်တီပါပေးခဲ့ရပါတယ်။  ဒီပင်နယ်တီကို ချဲလ်ဆီးတိုက်စစ်ကစားသမား ဝီလီယမ်က ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ကာ လီဗာပူးအသင်းကို ဖလားရရှိစေခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ရာသီကုန်ဆုံးဖို့ ပွဲစဉ် ၇ ပွဲကျန်ရှိနေသေးချိန်မှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ကစားပွဲ ၅ ပွဲကျန်တော့တဲ့အချိန်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၂၀၀၀-၀၁  ရာသီ၊ မန်စီတီအသင်းရဲ့ ၂၀၁၇-၁၈ ရာသီစံချိန်တွေကိုလည်း ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။  ချန်ပီယံ လီဗာပူးအသင်းနဲ့ ဒုတိယနေရာက မန်စီတီးတို့အကြား အမှတ်ကွာဟမှုဟာ ၂၃ မှန်အထိရှိနေပြီး ဒါဟာ အင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံးအမှန်ကွာဟမှုလဲဖြစ်ပါတယ်။  လီဗာပူးအသင်းအနေနဲ့ ပွဲကျန် ၇ ပွဲအတွင်း နောက်ထပ် ၁၅ မှတ်သာရရှိခဲ့မယ်ဆိုရင် သူတို့ဟာ ပရီးယားလိဂ်မှာ စံချိန်တင်ရမှတ် ရရှိခဲ့တဲ့ ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်ခွင့်ရရှိမှာဖြစ်သလို ၁ ရာသီအတွင်း အိမ်ကွင်းပွဲစဉ်တွေအားလုံးကို အနိုင် ရရှိတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခွင့် လက်တကမ်းအကွာကို ရောက်ရှိနေပြီဖြစ်ပါတယ်။  လီဗာပူးလ်အသင်းရဲ့လက်ကျန်ပွဲစဉ်တွေမှာ အနီးကပ်ဆုံးပြိုင်ဘက် မန်စီတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်လည်း ကျန်ရှိနေဆဲဖြစ်ပါတယ်။  ဒီပွဲစဉ်ကို စီတီးရဲ့အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီးတော့ ပွဲကျန် ၇ ပွဲလုံးမှာ ချန်ပီယံလီဗာပူးသင်းဟာ ပြိုင်ဘက်အသင်းတွေရဲ့ Guard of Honour အဖြစ်ဂုဏ်ပြုမှုကိုရရှိဦး  မှာလည်း ဖြစ်ပါတယ်။  ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အာဆင်နယ်အသင်းလိုပဲ တရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့ ရွှေဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယူဆချက်ပေးခြင်းခံခဲ့ရပေမဲ့ ဖေဖော်ဝါရီနှောင်းပိုင်းမှ ဝတ်ဒ်ဖို့အသင်းကို အံ့အားသင့်ဖွယ် ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် ဒီယူဆချက်တွေဟာ ကွယ်ပျောက်ခဲ့ရပါတယ်။  ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ မရပ်တန့်သွားခင်ကတည်းက ဒုတိယနေရာက မန်စီတီးအသင်းကို ၂၅ မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။  ဒါ့ကြောင့် ဗီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ နောက်ထပ်ရမှတ်ခြောက်မှတ်သာ လိုအပ်ခဲ့တာဖြစ်ပြီး မန်စီတီးအသင်းရဲ့ ရှုံးနိမ့်မှုကြောင့် ခြောက်မှတ်မပြည့်ခင်မှာတင် ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up