ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသမှာ အကြမ်းဖက်သမားတွေ အခြေချနေထိုင်မှုမရှိစေရေး  အပါအဝင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရုရှားနိုင်ငံမှာ ရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန် ၂၄ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rajnath Singh နဲ့ မော်စကိုမြို့ရှိ Metropol ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ ကုလားတန် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုနဲ့ စီမံကိန်းအောင်မြင်စေရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စ ၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးဆိုင်ရာတွေမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရောဂါ ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ချိန်မှာ သင်တန်းဆိုင်ရာ ကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့နဲ့ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ ရုရှားနိုင်ငံမှာ ကျင်းပတဲ့  Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ဇွန် ၂၂ ရက်ကတည်းက ရုရှားနိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-CINCDS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up