ကျူးဘားတွင် လေထုအရည်အသွေး ညစ်ညမ်းနေသဖြင့် ကျန်းမာရေး သတိပေးချက် ထုတ်ပြန်

1.1K
ဆဟာရကန္တာရက ကြီးမားတဲ့ ဖုန်တိမ်တိုက်ကြီး ကျူးဘားနိုင်ငံကို လွှမ်းခြုံထားပြီး လေထုအရည်အသွေးက မကျန်းမာစေတဲ့အဆင့်ထိ ညစ်ညမ်းနေလို့ ကျန်းမာရေး သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
ဆဟာရ ကန္တာရက အားကောင်း ပူနွေးတဲ့ လေတွေက သဲတွေကို နှစ်စဉ် ဒီလိုအချိန်မှာ လွင့်တိုက်သယ်ဆောင်လာပြီး မိုင်ထောင်ချီဝေးတဲ့ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်းရင်း အမေရိက ဒေသတွေဆီထိ ရောက်အောင် တိုက်ခတ်လေ့ ရှိပါတယ်။
ဒီနှစ်ကတော့ နှစ်ငါးဆယ်အတွင်း ဖုန်မှုန့် သဲမှုန့် အထူထပ်ဆုံး ပါတဲ့လေတွေ တိုက်ခတ်ခဲ့တာလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ဖုန်မှုန့်မြူထူတွေကြောင့် မြင်နိုင်စွမ်းလည်း သိသိသာသာ ကျဆင်းနေပါတယ်။
ဖုန်တိမ်တိုက်ကြီးဟာ ကယ်ရစ်ဘီယံ အရှေ့ပိုင်းကနေ သီတင်းပတ်ကုန်ရက်က ရွေ့လျားလာပြီး ဇွန်၂၃ မှာတော့ ဟစ်ပန်နီယိုလာ၊ ဂျမေကာ၊ ပွာတိုရီကိုနဲ့ ကျူးဘား အရှေ့ပိုင်းထိ ရောက်လာတာပါ။ အဲဒီနောက် အရှိန်မြင့်လာပြီး အနောက်ဘက်ကို ရွေ့လျားပြီး အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်းဆီကို ဆက်လက် ရွေ့လျားနေတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။