အင်တာနက်ဖြတ်တောက်မှုချက်ခြင်းရပ် ကမ်ပိန်းဦးဆောင်သူ ၂ ဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်

အင်တာနက်ဖြတ်တောက်မှုချက်ခြင်းရပ် ကမ်ပိန်းဦးဆောင်သူ လူငယ် ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ-၁၉ နဲ့ ကျောက်ဖြူမြို့မရဲစခန်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်က တရားလိုပြုလုပ် အမှုဖွင့်ထားပါတယ်။ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အင်တာနက်ဖြတ်တောက်ထားတာ ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇွန် ၂၁ ရက်နေ့က ကန်ပိန်းပြုလုပ်ခဲ့ကြတာနဲ့ ပတ်သက်ပြီး တရားစွဲခံရတာဖြစ်ပါတယ်။ အုန်းတောပရဟိတဖောင်ဒေးရှင်းအဖွဲ့ ခေါင်းဆောင် ကိုမင်းဇအောင်က “ကျနော်တို့ကို မြို့နယ်ရဲစခန်းကနေပြီး စွဲတာပေါ့။ အင်တာနက်ပိတ်တာ ၁ နှစ်ပြည့်ဆိုပြီးတော့ ၃၆၅ ရက် No Internet ဆိုပြီးတော့ ဆိုင်းဘုတ်ကိုင်ပြီးတော့ ဓာတ်ပုံရိုက်ကြပြီးတော့ ဖေ့စ်ဘွတ်ခ်တင်ကြတာပေါ့။ အဲဒါအပေါ်မှာ သူတို့က ဘယ်လိုမြင်လည်းတော့မသိဘူး၊ ငြိမ်းစုစီပုဒ်မ-၁၉နဲ့ ငြိတယ်ဆိုပြီးတော့ ကျနော်တို့ကိုဆင့်ခေါ်ပြီး တရားစွဲတယ်လို့ပြောတယ်။ သူတို့ပြောတာကတော့ ဗဟိုက အထက်ကစွဲခိုင်းတယ်လို့ပြောတာပဲ။”လို့ ဒီဗွီဘီကို ပြောပါတယ်။ တရားစွဲဆိုခံရတဲ့ သန္တာရင်သွီးမျိုးဆက်သစ်လူငယ်များအဖွဲ့ ဥက္ကဋ္ဌ ကိုနေစိုးခိုင်က “ကျနော်တို့လုပ်တာကလည်း အင်တာနက်ပိတ်ထားတဲ့ကိစ္စလေးနဲ့လုပ်တာ၊ ဒီမိုကရေစီစနစ်ရဲ့ အခြေခံကျတဲ့ သတင်းအချက်အလက်မျှဝေမှု၊ ပွင့်လင်းမြင်သာမှု၊ လူသားတိုင်း တန်းတူအခွင့်အရေးရရှိဖို့ အင်တာနက်ကိုတောင်းဆိုကြတာ။ ကျနော်တို့ရခိုင်ပြည်မှာဆိုရင် ကိုဗစ်လည်းဖြစ်နေတယ်၊ စစ်လည်းဖြစ်နေတယ်၊ အဲဒီအချိန်မှာ ရခိုင်ပြည်သူတွေ သတင်းအချက်အလက်ကို အချိန်မီရဖို့အတွက် အင်တာနက်ဖွင့်ပေးဖို့လိုတဲ့အကြောင်း၊ အင်တာနက်ပိတ်ထားတာလည်း တစ်နှစ်ပြည့်ပြီတဲ့အတွက် အင်တာနက်ကိုပြန်ဖွင့်ပေးပါဆိုပြီး ကျနော်တို့ တောင်းဆိုကြတာပါ။ ဒါလေးကို ငြိမ်းစုစီနဲ့ငြိတယ်ဆိုတော့ ဒီမိုကရေစီစနစ်ကြီးက ဘယ်လိုဖြစ်သွားပြီလဲဆိုတာလည်း ပြန်ပြီးတော့တောင် သုံးသပ်ရမလိုဖြစ်သွားပြီ” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာဟာ ဇွန် ၂၁ ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီဖြစ်တာကြောင့် အင်တာနက်ပြန်လည်ဖွင့်ပေးဖို့ကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်နဲ့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းကာ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။ ကမ်ပိန်းပြုလုပ်ခဲ့တာကြောင့် ဇွန် ၂၁ ရက်နေ့ညနေက ရမ်းဗြဲမြို့နယ်က လူငယ် ၁ ဦးကို ငြိမ်းစုစီ ပုဒ်မ-၁၉နဲ့ အမှုဖွင့်လှစ်ခံခဲ့ရသလို ရန်ကုန်မြို့မှာလည်း ကမ်ပိန်းဦးဆောင်သူတွေကိုလည်း ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။ သတင်း-နောင်နောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up