A d v e r t i s e m e n t With Us

ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား ဂျိုကိုဗစ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်နဲ့ သူ့ရဲ့ဇနီးသည်တို့ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်းအတည်ပြု ထုတ်ပြန်လိုက်ပါတယ်။   ဒါ့ကြောင့် ဂျိုကိုဗစ်ဟာ Adria Tour တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ တင်းနစ်ကစားသမားတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့  လေးဦးမြောက် ကစားသမားဖြစ်လာပါတယ်။ Adria Tour ပြိုင်ပွဲကို ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီးတော့ ဂျိုကိုဗစ်ရဲ့ဖောင်ဒေးရှင်းကနေ ဦးဆောင်ကာ ခရိုအေးရှားနဲ့ ဆားဘီးယားနိုင်ငံတွေမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။  ဂျိုကိုဗစ်ဟာ တနင်္ဂနွေနေ့မှာ ခရိုအေးရှားနိုင်ငံကနေထွက်ခွာလာခဲ့ပြီး ခရိုအေးရှားမှာ ဆေးစစ်ခဲ့တာမရှိဘဲ ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်ကိုရောက်မှသာ ဆေးစစ်ခဲ့တာဖြစ်ပြီး ရာဂါလက္ခဏာပြသခြင်းမရှိဘဲ ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့်သူတို့ဇနီးမောင်နှံဟာ ၁၄ ရက်ကြာ quarantine ဝင်ရတော့မှာ ဖြစ်ပါတယ်။ “ကျနော်တို့ ဇနီးမောင်နှံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကို တွေ့ခဲ့ရပြီးတော့ ကလေးတွေမှာတော့ negative ပြနေပါတယ်” လို့ ဂျိုကိုဗစ်က ပြောပါတယ်။ “ဗိုင်းရပ်စ်ပိုးကူးစက်မှု ကျဆင်းလာချိန်မှာ ဒေသတွင်း စည်းလုံးညီညွတ်မှုကို ပြသဖို့အတွက် ပြိုင်ပွဲကို စီစဉ်ခဲ့တာဖြစ်ပေမယ့်  ကံမကောင်းစွာနဲ့ပဲ ဗိုင်းရပ်စ်ပိုးဟာ အခုချိန်ထိ ရှိနေဆဲဖြစ်ပါတယ်” လို့ ဂျိုကိုဗစ်က ရေးသားထားပါတယ်။  Adria Tour ပြိုင်ပွဲဝင်တွေထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၄ ဦးအထိရှိလာလို့ လက်ကျန်ပွဲစဉ်တွေကို ဖျက်သိမ်းလိုက်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ တစ်ဦးချင်းစီတိုင်းကို လေးလေးနက်နက် တောင်းပန်ကြောင်းနဲ့ သူတို့အမြန်ဆုံး ကျန်းမာလာစေဖို့ ဆုတောင်းပေးကြောင်းလည်း ဂျိုကိုဗစ်က ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up