Home
မြန်မာသတင်း
ရန်ကုန်တွင် ပြည်ပပြန်များ ထပ်တိုးလာပါက Quarantine နေရာ အခက်အခဲရှိနေ
DVB
·
June 24, 2020
ရန်ကုန်မှာ ပြည်ပကနေပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ပြန်လည်ဝင်ရောက်မှု ပိုမိုများပြားလာပါက Quarantine Center အဆောင်တွေ ထားရှိဖို့ နေရာအခက်အခဲ ရှိနေတယ်လို့ စင်တာတာဝန်ခံတွေက ပြောပါတယ်။ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ အဓိပတိ၊ သံပျင်ဆောင်၊ အမရာဆောင် Facility Quarantine Center တွေမှာ အရင်က ကိုဗစ်-၁၉  အတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကိုသာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုပေးနေတာပါ။ အခုဆိုရင် ပြည်ပက ပြန်ရောက်လာသူတွေကို စင်တာမှာထားရှိပြီး စောင့်ကြည့်ပေးနေပါတယ်။ လက်ရှိ အသစ်ထပ်မံဖွင့်လှစ်ထားတဲ့ ဧကရီဆောင်မှာ ထိုင်း၊ တရုတ်ပြန် ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်ကို လက်ခံပေးနေပါတယ်။  ပြည်ပက ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ တသုတ်ပြီးတသုတ် ရာနဲ့ချီ ဝင်ရောက်နေတာကြောင့် အဆောင်နေရာ လိုအပ်ချက်တွေ ရှိလာတယ်လို့ ဆိုပါတယ်။  အဓိပတိဆောင် Quarantine Center ကြီးကြပ်သူ ဦးလင်းအောင်က “အဓိက အဆောင် လိုအပ်ချက် ရှိတယ်။ တသုတ်ဝင်ရင် ရာနဲ့ချီဝင်လာတဲ့အခါကျတော့ အဆောင်ထားရမယ့် အနေအထားကလည်း မရှိဘူး။ Quarantine ထားဖို့အတွက် အဆောင်တွေ လိုအပ်နေတယ်။ လူဦးရေ များလာတဲ့အတွက် သူတို့အတွက် စားဝတ်နေရေးတွေ၊ တကိုယ်ရေသုံးတွေ အစစအရာရာ အကုန်လုံး လိုတယ်။ နံပါတ်တစ် အရေးကြီးဆုံး လိုတာကတော့ Quarantine Center အသစ်ထားဖို့အတွက် နေရာအခက်အခဲရှိနေပါတယ်” လို့ ပြောပါတယ်။ ပြည်ပက ပြန်လာသူတွေ စင်တာကို ရောက်လာပါက ကျန်းမာရေး စစ်ဆေးတာတွေ၊ ကိုဗစ်ပိုး စစ်ဆေးဖို့ ဓာတ်ခွဲနမူနာယူတာတွေ လုပ်ဆောင်ပေးနေပြီး ၂၁ ရက်ကြာ သီးသန့်ခွဲထား စောင့်ကြည့်ထားပါတယ်။  သတ်မှတ်ရက်ပြည့်ပါက စင်တာမှာ နေထိုင်ခဲ့ကြောင်း အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးပြီး နေရပ်ပြန်ခွင့် ပေးလိုက်ပါတယ်။  အမရာဆောင် Quarantine Center တာဝန်ခံ ဒေါက်တာထူးနန္ဒာလှိုင်က “သူတို့ ဟိုကနေ ပြန်လာရင် အိမ်ကို တန်းမပြန်ဘဲနဲ့ ဒီကိုလာခြင်းအားဖြင့် ဒီမှာစည်းကမ်းတွေ ချထားတယ်လေ။ ကိုယ့်အခန်းထဲမှာပဲ ကိုယ်နေ။ အပြင်မထွက်ရဘူး။ အဲလိုမျိုးကျတော့ Contact မှာ နည်းသွားတာပေါ့။ စ မစစ်ခင်မှာ လုံးဝစိတ်မချရဘူး။ သူ့ဆီကလည်း ကူးနိုင်သလို ကိုယ့်ဆီကလည်း ကူနိုင်တယ်။ ရောက်တာနဲ့ သူတို့ကို စည်းကမ်းချက်စာရွက်လေးတွေ ပေးတယ်။ အခန်းမကူးဖို့၊ တယောက်နဲ့တယောက် စကားမပြောဖို့၊ ကိုယ့်အခန်းထဲမှာကိုယ်နေဖို့ မှာထားပြီးသား။ Quarantine Center မှာ ထားခြင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပေးတယ်။ ၂၁ ရက် နေပြီး စစ်လို့ Negative ဖြစ်တယ်ဆိုရင် သူတို့အတွက် save ဖြစ်တာပေါ့။ Quarantine Center နေရာတိုင်းမှာ မဖြစ်မနေ ထားသင့်တယ်” လို့ ပြောပါတယ်။ စင်တာတွေမှာ ကူညီလုပ်ကိုင်ပေးနေတဲ့ လုပ်အားပေးဝန်ထမ်းတွေက လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နေတာတွေ ရှိနေတာကြောင့် ကူညီလုပ်ကိုင်ပေးမယ့် စေတနာ့ဝန်ထမ်းတွေ လိုအပ်လာတယ်လို့လည်း သိရပါတယ်။ လက်ရှိတော့ ကမ္ဘာအေးမြို့နယ် တက္ကသိုလ်နယ်မြေအတွင်းက စင်တာ ၄ ခုမှာ ထိုင်း၊ တရုတ်၊ နီပေါ၊ ပြင်သစ်ကနေ ပြန်လာသူ  ၄၅၀ အထိ လက်ခံထားပြီး စောင့်ကြည့်ပေးနေပါတယ်။ နန့်ခိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024