A d v e r t i s e m e n t With Us

ဒေးဗစ်ဘက်ခမ်း ကစားသမားဘ၀က အနားယူပြီ

ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း ကွင်းလယ်သမား ဒေးဗစ်ဘက်ခမ်းက ဒီနှစ် ဘောလုံး ရာသီအကုန်မှာ အနားယူမှာ ဖြစ်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။ ဘက်ခမ်းရဲ့ ပီအက်စ်ဂျီကလပ်ဟာ မေလ  ၂၆ ရက်နေ့မှာ ပြင်သစ်လီဂူး အမှတ်ပေးလိဂ် နောက်ဆုံးပွဲ ကစားရမှာဖြစ်ပြီး အဲဒီပွဲဟာ ဘက်ခမ်းရဲ့ နှုတ်ဆက်ပွဲလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီက ကစားခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အမြင့်ဆုံး ခြေစွမ်းနဲ့ ဘောလုံးကစားတာကနေ အနားယူဖို့ အချိန်ရောက်ပြီလို့ ခံစားရတယ်လို့ ဒေးဗစ်က ပြောဆိုသွားပါတယ်။ ပီအက်စ်ဂျီက ဘက်ဟမ်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီလကမှ ၅ လစာချုပ်နဲ့ ခေါ်ယူ ထားတာပါ။ အသက် ၃၈ နှစ်အရွယ် ဒေးဗစ်ဟာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံဆုဖလားကို ပူပူနွေးနွေး ရယူ အပြီးမှာ အနှစ် ၂၀ ကြာ ဘောလုံးသမားဘ၀ကို နှုတ်ဆက်လိုက်တာပါ။ သူဟာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံဆုဖလားကိုလည်း ပူပူနွေးနွေး ရယူထားပါတယ်။ ကွင်းလယ် ဖန်တီးရှင်ဟာ ထိပ်တန်း ကလပ်တွေဖြစ်တဲ့ မန်ယူ၊ ရီရဲလ် မက်ဒရစ်၊ လော့စ် အိန်ဂျလိ ဂလက်စီ၊ အေစီမီလန်နဲ့ ပီအက်စ်ဂျီတို့မှာ ကျင်လည်ခဲ့ပြီး အမှတ်ပေးလိဂ် ၁၀ ခု အပါအ၀င် ဆုဖလားပေါင်း ၁၉  ခု ရယူနိုင်ခဲ့ပါတယ်။ သူဟာ ဥရောပရဲ့ နာမည်ကြီး လိဂ်ပြိုင်ပွဲ ၄ ခုမှာ ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိဂ် ဘောလုံးသမားလည်း ဖြစ်ပါတယ်။ ဒေးဗစ်ဟာ ဘောလုံးသမားဘ၀ကို မန်ယူနဲ့အတူ ၁၉၉၂ မှာ အစပြုခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား တကြိမ်ရအောင် ကူညီနိုင်ခဲ့ပါတယ်။ သူ့အတွက် အကျော်ကြားဆုံးနဲ့ အတောက်ပဆုံး အချိန်တွေကတော့ အိုးထရက်ဖို့ဒ်မှာ ၁၉၉၂ ကနေ ၂၀၀၃ ကာလအထိ ဖြတ်သန်းခဲ့တဲ့အချိန်တွေလည်း ဖြစ်ပါတယ်။ ဖရီးကစ်နဲ့ ဖြတ် တင်ဘောတွေ ကန်ရာမှာ ထူးချွန်တဲ့အတွက်ကြောင့်လည်း ကမ္ဘာကျော် ဘောလုံးသမားဘ၀ကို ရောက်ရှိပြီး ပရိသတ်တွေရဲ့ အချစ်တော် တဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒေးဗစ်ဟာ သူ့ရဲ့ ပြုမှုနေထိုင်ပုံတွေကြောင့် ဘောလုံးကွင်းထဲမှာရော ကွင်းပြင်ပမှာ ထင်ရှား ကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်။ အင်္ဂလန်  ဘောလုံးသမား ဘ၀ကို ၁၉၉၆ မှာ စတင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ၂၀၀၀ ကနေ ၂၀၀၆ အထိ တာဝန်ယူခဲ့ပါတယ်။ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၅ ပွဲ ကစားပေးပြီး ၂၀၀၉  ခုနှစ် ဘယ်လာရုပ်အသင်းနဲ့ပွဲမှာ နောက်ဆုံး ပါဝင်ခဲ့ပါတယ်။ ဘက်ခမ်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ရပ်လုံးမှာ ဂိုးသွင်းယူပေးတဲ့ တဦးတည်းသော ပထမဆုံး အင်္ဂလိပ် ကစားသမားလည်း ဖြစ်ပါတယ်။ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်းမရွန်းကလည်း ဒေးဗစ်ဟာ ဘောလုံးသမားဝဘတလျှောက်မှာ ထူးချွန်တဲ့သူဖြစ်ပြီး ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲကို အောင်မြင်ဖို့ ကူညီတဲ့အတွက်လည်း အမြဲတမ်း သတိရနေမှာဖြစ်ကြောင်း ပြောပါတယ်။ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေကလည်း ဘက်ခမ်းကို ရာထူးတနေရာအတွက် ကမ်းလှမ်းဖို့ ကြိုးစားနေတယ်ဆိုပြီး ဗြိတိသျှမီဒီယာတွေမှာ ခန့်မှန်းနေပါတယ်။ ဒေးဗစ်ဟာ လောလောဆယ်မှာ ဇနီးသည် ဗစ်တိုရီးယားနဲ့ သား ၃ ယောက်ရဲ့ မိသားစုအရေးကို အချိန်ပေးမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up