ဗိုလ်ချုပ်မှူးကြီး ရုရှားမှ ပြန်လာပါက ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဆောင်ရွက်မည်
DVB
·
June 23, 2020
ရုရှားနိုင်ငံကို သွားရောက်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ မြန်မာနိုင်ငံ ပြန်လာပါက ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်မယ်လို့ တပ်မတော်တာဝန်ရှိသူက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ နာဇီဂျာမနီတို့အပေါ် စစ်အောင်နိုင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ဖို့ ရုရှားနိုင်ငံကို ဇွန်လ ၂၂ ရက်က ထွက်ခွာသွားခဲ့တာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခုလို ပြည်ပခရီးစဉ်သွားတဲ့အပေါ် မေးခွန်းထုတ်မှုတွေရှိနေပြီး တပ်မတော်ဘက်ကတော့ ရုရှား-မြန်မာ ချစ်ကြည်ရေးအရ ရုရှားနိုင်ငံရဲ့ ဖိတ်ကြားမှုအရ သွားရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက " ကိုဗစ်-၁၉ ကာလမှာ သွားတာနဲ့ပတ်သက်ပြီး ဒီဟာနဲ့ ပတ်သက်ပြီးလို့ပေါ့နော် ပြန်လာလို့ရှိရင် ဆေးစစ်မှုခံမှာလားတို့ဘာတို့ မေးတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောပါမယ်။ ခရီးစဉ်မသွားလာခင်မှာလည်း ခရီးစဉ်မှာ ပါတဲ့ လူပုဂ္ဂိုလ်တွေက ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီးတော့ ဆေးစစ်မှုခံယူပြီးမှ သွားရတာဖြစ်ပါတယ်။ ထောက်ခံချက်တွေပါပါတယ်။ ပြန်လာလို့ရှိရင်လည်း ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းချက် တွေနဲ့အညီ ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ် " လို့ ဇွန်လ ၂၃ ရက်ကပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်လာသူတွေအနေနဲ့ ၂၁ ရက် Quarantine ဝင်နေရတာဖြစ်တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း ပြန်လာပါက ၂၁ ရက် Quarantine ကို လိုက်နာသွားမယ်လို့ ယူဆရပါတယ်။
ရုရှားနိုင်ငံဟာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၈၄၆၈၀ နဲ့ လက်ရှိ ကမ္ဘာပေါ်မှာ ရောဂါ ဖြစ်ပွားမှုအများဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်ပြီး ရုရှားရောက် မြန်မာ့တပ်မတော် သင်တန်းသားအရာရှိ တချို့လည်း ရောဂါကူးစက်ခံခဲ့ရပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
ဓာတ်ပုံ-CINCDS