ရန်ကုန်ရှိ အိပ်ချ်အိုင်ဗွီဆေးခန်း MSF ပိတ်သိမ်း

နယ်စည်းမထားဆရာဝန်များအဖွဲ့ Medecins Sans Frontieres (MSF)ဟာ သူတို့ရဲ့ နှစ်ပေါင်း ၂၀ လောက်ကြာဖွင့်လှစ်ထားခဲ့တဲ့ ရန်ကုန်မြို့ရှိ အိပ်ချ်အိုင်ဗွီဆေးခန်းကို ဒီနေ့ပဲ ပိတ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ အခုပိတ်သိမ်းလိုက်တဲ့ သာကေတဆေးခန်းဟာ ရန်ကုန်စီမံကိန်းရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပြီး ဆေးခန်းမှာ လက်ခံကုသပေးနေတဲ့ လူနာတွေကို မြန်မာနိုင်ငံ အမျိုးသား ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် လက်အောက်ကို ဒီနေ့ အပြီးလွှဲအပ်လိုက်တာ ဖြစ်ပါတယ်။ ရန်ကုန်စီမံကိန်းရဲ့ အေအာရ်ဗွီကုထုံးနဲ့ အခမဲ့ ကုသပေးတာကို ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့ပြီး အခုပိတ်သိမ်းချိန်အထိ လူနာပေါင်း ၁၇၀၀၀ ကျော်ကို ကုသပေးခဲ့ပြီလို့ ဆိုပါတယ်။ ဒီလိုပိတ်သိမ်းနိုင်ခဲ့တာဟာလည်းအိပ်ချ်အိုင်ဗွီရှိသူတွေကို အေအာရ်ဗွီကုထုံးနဲ့ မြန်မာနိုင်ငံက ကုသနိုင်စွမ်းကို ဖော်ပြပေးနေတာကလည်း သမိုင်းမှတ်တိုင်တခုဖြစ်တယ်လို့  နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ ဌာနေကိုယ်စားလှယ် Pavlo Kolovos က ပြောပါတယ်။  “ရန်ကုန်စီမံကိန်းအနေနဲ့ နိုင်ငံတွင်း အေအာရ်ဗွီကုထုံးကိုပဲ စတင်ခဲ့တာ မဟုတ်ဘဲ တွဲစပ်ဖြစ်ပေါ်ခံစားရတတ်တဲ့ ကူးစက်ရောဂါပိုးတွေကိုလည်း နောက်ဆက်တွဲအနေနဲ့ ကုသပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ ၂၀၀၉ ခုနှစ်မှာ ဆေးယဉ်ပါး တီဘီရောဂါအခမဲ့ ကုသပေးတာကို ဦးဆုံးလုပ်နိုင်ခဲ့ပြီး၂၀၁၆ ခုနှစ်မှာ အသည်းရောင်အသားဝါ (စီ) ရောဂါပိုး ကုသပေးတာကိုလည်း ဦးဆုံး လုပ်နိုင်ခဲ့ပါတယ်” ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ရန်ကုန်၊ အင်းစိန်မှာရှိတဲ့ ဆေးခန်းကို ပိတ်သိမ်းခဲ့ပြီး လူနာတွေကို ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် လက်အောက်ကို လွှဲပေးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ MSF အနေနဲ့ အိပ်ချ်အိုင်ဗွီ ဆိုင်ရာ ကုသစောင့်ရှောက်တာတွေကို တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဆက်လက်လုပ်နေပါတယ်။ ဟော်လန်နိုင်ငံအခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၁၉၉၂ ခုကတည်းက အခြေချလာတဲ့ ပထမဆုံး နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီး ရေ၊ မိလ္လာနဲ့ အာဟာရချို့တဲ့တာနဲ့ဆိုင်တဲ့ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အိပ်ချ်အိုင်ဗွီ ဖြစ်ပွားမှုများတဲ့ မြို့နယ်တွေမှာ ART ဆေးကုသပေးတဲ့ ဌာနတွေ ၃၉၇ ခု အထိဖွင့်လှစ်ထားပြီး လူပေါင်း ၁၈၄၆၈၄ ဦးအထိ ART  ဆေးပေးနိုင်ခဲ့ပြီး ခန့်မှန်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံ နေရသူတွေရဲ့ ၇၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြီးကုသမှုပေး နိုင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မနေ့က နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ မက်သဒုန်း အစားထိုး တိုက်ကျွေးသည့်ဌာနတွေ (၇၁) ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး မိခင်မှ သန္ဓေသားသို့ အိပ်ချ်အိုင်ဗွီ ကူးစက်မှုကာကွယ်ရေးလုပ်ငန်းကို မြို့နယ် ၃၂၆ ခုအထိ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အိပ်ချ်အိုင်ဗွီ ကာကွယ်ရေးနဲ့ သွေးစစ်ဆေးရေး လုပ်ငန်းတွေကို အမျိုးသမီးလိင် အလုပ်သမတွေရဲ့ ၈၅ ရာခိုင်နှုန်း၊ အမျိူးသားချင်း လိင်တူဆက်ဆံ သူတွေရဲ့ ၅၂ ရာခိုင်နှုန်း အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မူးယစ်ဆေးသွေးကြောအတွင်း ထိုးသွင်းသူ ၁၉၉၉၁ ဦးကို မူးယစ်ဆေးအစားထိုး မက်သာဒုန်း ဆေးတိုက်ကျွေးနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် ၈၉၅၄၁၁ ဦး   အိပ်ချ်အိုင်ဗွီသွေး စစ်ဆေးနိုင်ခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အိပ်ချ်အိုင်ဗွီ ကူးစက်ခံနေရသူ ၃ သိန်းလောက်ရှိမယ်လို့ ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့က ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up