Home
မြန်မာသတင်း
စစ်ဘေးရှောင်စခန်းများသို့ ကိုဗစ်-၁၉ ကူးစက်လာမည်ကို အထူးစိုးရိမ်နေ
DVB
·
June 23, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်မှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ကိုဗစ်-၁၉ ရောဂါ ကူးစက်လာမှာကို အထူးစိုးရိမ်နေကြပါတယ်။ ဘူးသီးတောင်မြို့နယ်၊ ကံပြင်ကျေးရွာ မြတောင်ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးခိုလှုံနေတဲ့ ဒေါ်မဖြူစောက “ဒီရောဂါက ဖြစ်လာရင် အခြားလူတွေကိုပါ ကူးစက်တတ်တယ်ဆိုတဲ့အတွက် အပြင်ကိုတောင် မထွက်ရဲတော့ဘူး။ စားဝတ်နေရေး အဆင်မပြေလည်း အပြင်ထွက်ပြီး အလုပ်တွေ မလုပ်ရဲတော့ဘူး။ မိမိမှာ ကူးစက်လာရင် ဒုက္ခသည်စခန်းကလူတွေကိုပါ ကူးစက်သွားမှာ စိုးရိမ်တယ်။ အခုလို လူထူထပ်တဲ့ စစ်ဘေးရှောင်စခန်းတွေမှာသာ ကူးစက်မှုဖြစ်လာရင် အားလုံး ကူးစက်သွားနိုင်တယ်”လို့  ပြောပါတယ်။ လက်ရှိမှာ ဘူးသီးတောင်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ ၄ ဦးအထိ ရှိနေပြီး ဘူးသီတောင်မြို့ ပြည်သူ့ဆေးရုံမှာ ၃ ဦး ဆေးကုသမှုခံယူနေရကာ မောင်တောပြည်သူ့ဆေးရုံမှာ ၁ ဦး ဆေးကုသမှုခံယူနေပါတယ်။ ရောဂါပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ခဲ့သူတွေအားလုံးကိုလည်း ဘူးသီးတောင်မြို့မှာ မထားဘဲ မောင်တောမြို့ရှိ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းမှာ ထားရှိပါတယ်။ ဘူးသီးတောင်မြို့၊ ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက “ကိုဗစ်ရောဂါပိုး တွေ့တဲ့သူနဲ့ ထိတွေခဲ့သူတွေကို အချိန်မီ မဖော်ထုတ်နိုင်ပါက ထိတွေ့သူတွေက စျေးလာဝယ်ရင်း စစ်ရှောင်စခန်းက လူတွေနဲ့ ထိတွေ့ပြီး ရောဂါကူးစက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုသာ ကူးစက်မှုတွေ ဖြစ်လာခဲ့ရင် လူနေထူထပ်တဲ့ စစ်ဘေးရှောင်စခန်းတွေအတွက် စိုးရိမ်စရာကောင်းပါတယ်။ ကျန်းမာရေးဌာနအနေနဲ့ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ပြီး စဉ်ဆက်မပြတ် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရမှာ ဖြစ်တယ်”လို့ ပြောပါတယ်။ ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက “ဘူသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းတွေကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ရာမှာ ပိုးသတ်ဆေးဖျန်းတာရှိပြီး အသိပညာပေးဟောပြောချက်တွေ ပြုလုပ်ထားပါတယ်။ လက်ဆေးဖို့ ပြင်ဆင်ပေးထားပြီး Mask တွေ ဖြန့်ဝေမပေးနိုင်တာကြောင့် Mask တွေ ပေးနိုင်တဲ့သူတွေရှိရင် တစ်ခါသုံး Mask တွေမဟုတ်ဘဲ့ လျှော်ဖွပ်ပြီး အသုံးပြုနိုင်တဲ့ Mask တွေကို လူတစ်ဦး တစ်ခုကျစီ လှူဒါန်းပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။  လက်ရှိမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်က ကျေးရွာပေါင်း ၃၀ လောက်က ပြည်သူတွေနေရပ်စွန့်ခွာနေကြရပြီး စစ်ဘေးရှောင်စုရပ်ကွက် ၂၀ ကျော်ရှိပါတယ်။ ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေဖြစ်တဲ့ လမ်းမကျောင်း ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းနဲ့ မြတောင်ကျောင်း စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၃,၀၀၀ ကျော် နေထိုင်နေတယ်လို့ သိရပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024