မှောင်ခိုသင်္ဘောလိုက်သည့် မြန်မာသင်္ဘောသားများ တရုတ်နိုင်ငံတွင် ဖမ်းဆီးခံနေရ
DVB
·
June 23, 2020
မှောင်ခိုသင်္ဘောမှာလိုက်တဲ့ မြန်မာသင်္ဘောသားတွေ တရုတ်နိုင်ငံမှာ အဖမ်းခံရတာတွေ ဆက်ဖြစ်နေတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
တရုတ်အာဏာပိုင်တွေအနေနဲ့ မှောင်ခိုပစ္စည်းတင်သွင်းတာကို ခေတ်မီနည်းပညာသုံး စုံစမ်း ထောက်လှမ်းတာအပါအဝင် လူအား၊ ငွေအားသုံးပြီး စီမံချက်ချကာကွယ်နေပြီး ဖမ်းမိရင်လည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေချနေတယ်လို့ ထုတ်ချက်ပြောဆိုထားတာပါ။
ပေကျင်းမြို့ မြန်မာသံရုံးရဲ့ စာရင်းအရ ဇွန် ၁၉ ရက်အထိ မြန်မာသင်္ဘောသား ၈၇ ယောက်ဟာ ထိန်းသိမ်းရေးစခန်းတွေမှာ စစ်ဆေးခံနေရတာ၊ အကျဉ်းထောင်တွေမှာ ဖမ်းဆီးအကျဉ်းကျခံနေရပြီး ဒီထဲမှာ ရာထူးကြီးသူတွေရော၊ ငယ်သူတွေပါ ပါတယ်လို့ ဆိုပါတယ်။
တရုတ်အာဏာပိုင်တွေရဲ့ စစ်ဆေးချက်အရ မှောင်ခိုသင်္ဘောမှန်းသိပေမယ့် ဒီသင်္ဘောကိုပဲ အကြိမ်ကြိမ် တာဝန်ထမ်းဆောင်နေတာတွေရှိသလို မသိဘဲ အဖမ်းခံနေရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးစစ်ဆေးရင်လည်း အချိန်ကြာတတ်တဲ့အပြင် အခု ကိုဗစ်-၁၉ ကာလဖြစ်လို့ ပုံမှန်ထက် ပိုကြာနေတယ်လို့လည်း သံရုံးက ဆိုပါတယ်။
ဒါကြောင့် မြန်မာသင်္ဘောသားတွေအနေနဲ့ တရုတ်နိုင်ငံဆိပ်ကမ်းတွေကို ဝင်ထွက်သွားလာမယ့် သင်္ဘောတွေမှာ တာဝန်ထမ်းဆောင်မယ်ဆိုရင် ဘယ်ကုန်ပစ္စည်းတင်မယ်ဆိုတာ သေသေချာချာသိပြီး စိတ်ချယုံကြည်မှပဲ လိုက်ပါကြဖို့ မြန်မာသံရုံးက မေတ္တာရပ်ခံထားပါတယ်။
မြန်မာသံရုံးအနေနဲ့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေသလို၊ မိသားစုတွေနဲ့ ဆက်သွယ်ခွင့်ရရေးကိုလည်း ကူညီဆောင်ရွက်ပေးနေပြီး လုပ်ပေးနိုင်တာတွေကို အတတ်နိုင်ဆုံးလုပ်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာသင်္ဘောသား ၂ ယောက်ပါတဲ့ ဟောင်ကောင်ပိုင် သင်္ဘောတစင်းဟာလည်း မာဒက်ဂက်စ်ကာနိုင်ငံ ရေပိုင်နက်ထဲကို မှားယွင်းဝင်ရောက်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။
မြန်မာသင်္ဘောသားတွေ ပြစ်ဒဏ်လျှော့ပေါ့ရေး၊ ဖြစ်နိုင်ရင် ပြန်လည်လွတ်မြောက်ရေး၊ သူတို့ရဲ့ နေထိုင်စားသောက်ရေး ကိစ္စတွေကိုလည်း ပေကျင်းမှာရှိတဲ့ မာဒက်ဂက်စ်ကာနိုင်ငံသံရုံးကို မြန်မာသံအမတ်ကြီးသွားရောက်ပြီး မာဒက်ဂက်စ်ကာ သံအမတ်ကြီးကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။