Home
မြန်မာသတင်း
လှေပြင်ဆင်ရန် သစ်မရှိသဖြင့် မွန်ပြည်နယ်ထဲက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများ အခက်တွေ့
DVB
·
June 23, 2020
မွန်ပြည်နယ်ထဲက  ငါးလုပ်ငန်းရှင်တွေဟာ လှေပြင်ဖို့ သစ်အခက်အခဲ ဖြစ်နေကြတဲ့အတွက်ကြောင့် လာမယ့် ပွင့်လင်းရာသီမှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေတွေ မထွက်နိုင်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ငါးလုပ်ငန်းရှင်တွေထံက သိပါတယ်။  မွန်ပြည်နယ် ကမ်းနီးကမ်းဝေးက ငါးဖမ်းလှေတွေဟာ မေလမှာ အားလုံး ကမ်းပြန်ကပ်ကြလေ့ရှိပြီး နောက်နှစ် ပွင့်လင်းရာသီမှာ လှေတွေ ကြံ့ခိုင်မှုရှိအောင် လှေပြုပြင်တဲ့ လုပ်ငန်းကို ဇွန်လကနေ သြဂုတ်လအထိ လုပ်ဆောင်ရတာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ လှေပြင်ဖို့ စုဆောင်းထားတဲ့ သစ်တန်ချိန် ၁၀၀ ကျော်ကို သံဖြူဇရပ်တပ်နယ် အမှတ်(၄) တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်းက ဝင်ရောက် ဖမ်းဆီးပြီး သစ်တောဦးစီးဌာနကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။ ဒါကြောင့် လှေပြန်ပြင်ဖို့ သစ်တွေ အခက်အခဲရှိလာတဲ့အပြင် အချိန်မီ မပြင်ဆင်နိုင်ရင် လာမယ့် ပွင်းလင်းရာသီမှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေမထွက်နိုင်မယ့် အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။ လှေပြင်ဖို့ ဒီသစ်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက အခုလို စုဆောင်းပြီး ပြင်ဆင်တာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ တရားမဝင် သစ်စုဆောင်းမှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ကမ်းနီးကမ်းဝေး ထွက်ခွာနေတဲ့ လှေကို အချိန်မီ မပြင်နိုင်ရင် လာမယ့် နွေရာသီ ငါးထုတ်လုပ်မှု ကဏ္ဍမှာ ထိခိုက်ကျဆင်းမှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သစ်တွေ ထောက်ပံ့ပေးဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့မှာ အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ ဖမ်းဆီးထားတဲ့ သစ်တွေ ပြန်ရောင်းချပေးဖို့အပြင် လိုအပ်တဲ့သစ်တွေအတွက် ပြည်ထောင်စု အစိုးရဆီမှာ ခွင့်ပြုချက် တောင်းခံထားတယ်လို့ ဆိုပါတယ်။ သစ်တောဥပဒေအရ သစ်တွေ ဝယ်ယူ သိုလှောင်ရမှာ ခွင့်ပြုချက်ရယူရမှာ ဖြစ်ပြီး ခွင့်ယူချက် မရှိရင်တော့ ဖမ်းဆီးတာတွေ ရှိလာမယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။ “ကျနော်တို့ ပြည်ထောင်စုအစိုးရကို တင်ထားတယ်။ ခွင့်ပြုချက်ရရင် ငါးလုပ်ငန်းရှင်အသင်းကို လွှဲပြီးတော့ ရောင်းချပေးသွားမယ်။” ငါးလုပ်ငန်းရှင်တွေကတော့ လာမယ့် ပွင့်လင်းရာသီမှာ ကမ်းနီးကမ်းဝေးက ငါးဖမ်းလှေတွေ ပြန်ထွက်နိုင်ဖို့အတွက် သစ်တန်ချိန် ၄၀၀ လောက် လိုအပ်နေတယ်လို့ ဆိုကြပါတယ်။ မွန်ပြည်နယ်မှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေပေါင်း ထောင်နဲ့ချီပြီး ရေလုပ်ငန်း လုပ်ကိုင် နေကြတာဖြစ်ပါတယ်။  ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024