Homeမြန်မာသတင်း
ဆောင်ရန်၊ ရှောင်ရန်များကို တိတိကျကျလိုက်နာပါက ကိုဗစ်-၁၉ ဒုတိယလှိုင်း စိုးရိမ်စရာမလိုဟု ဝန်ကြီးပြော
ဆောင်ရန်၊ ရှောင်ရန်များကို တိတိကျကျလိုက်နာပါက ကိုဗစ်-၁၉ ဒုတိယလှိုင်း စိုးရိမ်စရာမလိုဟု ဝန်ကြီးပြော
DVB
·
June 23, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ပါက ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွက် စိုးရိမ်စရာမလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ဇွန်လ ၂၂ ရက်က နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။
“ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွက် အထွေထွေ ပြင်ဆင်ဖို့ကတော့ မလိုပါဘူး၊ အခုပုံစံအတိုင်း လူတိုင်းသည် ဆောင်ရန် ရှောင်ရန်တွေကိုသာ တိတိကျကျလုပ်၊ ဒီရောဂါ ပြန်မတက်တော့ဘူး၊ “
ကပ်ရောဂါ သဘော သဘာဝအရ ရောဂါကူးစက်မှုမှာ ဂရပ်မျဉ်းက အတက်၊ တည့်တည့်သွား၊ ပြန်ကျ ဖြစ်ပါကြောင်း၊ အခုအခြေအနေမှာ တည့်တည့် မတက်တော့ဘဲ နည်းနည်း ပြန်ဆင်းနေတဲ့ ပုံစံဖြစ်ကြောင်း၊ ဒါပေမဲ့ အောက်အထိပြန်မဆင်းဘဲ ပြန်တက်သွားနိုင်တယ်လို့လည်း ပြောပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မပေါ့ဆကြဖို့နဲ့ Mask တပ်ဆင်ခြင်းဟာ ရောဂါကာကွယ်ရေးအတွက် အရေးကြီးတဲ့အတွက် ပြည်သူများအနေနဲ့ အပြင်ထွက်ပါက Mask တွေ တပ်ဆင်သွားကြဖို့နဲ့ မီဒီယာတွေကလည်း လှုံ့ဆော်ပေးဖို့ ဝန်ကြီးက တိုက်တွန်းပြောပါတယ်။
ဓာတ်ပုံ- MOI