ဧရာဝတီတိုင်းတွင် မိုးရာသီ လမ်းမပျက်စီးရန် လမ်းပေါင်း ၈၈ လမ်းကို ယာဉ်တန်ချိန် ကန့်သတ်
DVB
·
June 23, 2020
မိုးရာသီကာလအတွင်း ဧရာဝတီတိုင်းမှာ လမ်းပျက်စီးမှုတွေ မဖြစ်ပေါ်စေဖို့အတွက် လမ်းပေါင်း ၈၈ လမ်းကို ယာဉ်တန်ချိန်ကန့်သတ်ပြီး သွားလာခွင့်ပြုသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက တာဝန်ရှိသူက ပြောပါတယ်။
မိုးရာသီကာလ လမ်းမပျက်စီးဖို့အတွက် မြေသားခံနိုင်ဝန် လျှော့ချဖို့ လမ်းဦးစီးဌာနပိုင် လမ်းပေါင်း ၈၈ လမ်းကို ယာဉ်တန်ချိန်ကန့်သတ်ပြီး သွားလာခွင့်ပြုတာဟာ မိုးရာသီကာလမှာ နှစ်စဉ်လုပ်လေ့ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက ပြောရေး ဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက DVB ကို ပြောပါတယ်။
“ကျနော်တို့ တိုင်းရဲ့ ပထဝီအနေအထားအရ မိုးတွင်းဆိုရင် အောက်ကျ ရေရှိတယ်၊ အဲဒီတော့ တန်ပိုကန့်သတ်တာကို နှစ်စဉ်လုပ်ပါတယ်၊ အသိပညာပေးတာတွေ အရင်လုပ်ပါတယ်၊ လမ်းပေါင်းအားလုံးဆို ၈၈ လမ်းဖြစ်ပါတယ်။"
ယာဉ်တန်ချိန်သွားလာကန့်သတ်တာကို ဇွန် ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ အသိပညာပေးလုပ် ငန်းတွေ လုပ်ဆောင်ပေးခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ အရေးယူတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေကာ ယာဉ်တန်ချိန်ကန့်သတ်မှုမှာ အနည်းဆုံး ၃ လလောက်ကြာမြင့်နိုင်မယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းကိုလာရင် ဖြတ်သန်းသွားလာရတဲ့ ဆားမလောက်-ညောင်တုန်း ကားလမ်းကိုတော့ ၁၂ တန်နဲ့အောက် ယာဉ်များသာ သွားလာခွင့်ပြုထားပြီး ယာဉ်တန်ချိန် သတ်မှတ်ထားတဲ့ လမ်း ၈၈ လမ်းအတွက် ခရီးသည်ယာဉ်လိုင်းတွေကို ခရီးသည်နဲ့ လက်ဆွဲ တန်ဆာပစ္စည်းတွေ သယ်ဆောင်ခွင့်ပြုထားပြီး ခရီးသည်ယာဉ်လိုင်းတွေမှာ ကုန်ပစ္စည်းတွေ တင်ဆောင်လာပါက တန်ပိုသတ်မှတ်ချက်နဲ့ အရေးယူနေတယ်လို့ သိရပါယ်။
မိုးရာသီကာလ မြေသားခံနိုင်ဝန် လျော့ချဖို့နဲ့ လမ်းမပျက်စီးဖို့အတွက် လမ်းတွေကို ယာဉ်တန် ချိန်သတ်မှတ်ရာမှာ သက်ဆိုင်ရာမြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပြည်သူတွေနဲ့ တွေ့ဆုံကာ အစည်းအဝေးလုပ်ပြီး ခရိုင်အဆင့် ပို့တာဖြစ်ပြီး တန်ချိန်သတ်မှတ်တာတွေကိုတော့ တိုင်းအစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးမှာ ဆုံးဖြတ်တာလို့ ဝန်ကြီးက ပြောပါတယ်။
ယာဉ်တန်ချိန်ကန့်သတ်သွားလာခွင့်ပြုထားတဲ့ လမ်းတွေကို တန်ချိန် အနည်းဆုံး ၂ တန်မှ အများဆုံး တန် ၂၀ ထိ ခွင့်ပြုထားတာဖြစ်ပြီး မိုးတွင်းကာလကုန်လွန်ပါက ပြန်လည်ဖွင့်လှစ်ပေးသွားမှာပါ။ လမ်းတွေပုံမှန်အတိုင်း တန်ချိန်ကန့်သတ်သွားလာမှု ပြန်ဖွင့်ရင်လည်း အသိပေးတာတွေ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)