Sunday, June 11, 2023
Homeမြန်မာသတင်းမဟာစင္ ဆိုင်ကလုန်းမုန်တိုင်းဘေး မြန်မာပြည်လွတ်ကင်းပြီ

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဘေး မြန်မာပြည်လွတ်ကင်းပြီ

ဘင်္ဂလားပင်လယ်အော်က မဟာစင်မုန်တိုင်းဟာ မြန်မာနိုင်ငံကို မ၀င်တော့ဘဲ မုန်တိုင်းဘေးကနေ ကင်းဝေးသွားပြီလို့ မိုးလေ၀သပညာရှင်တွေပြောပါတယ်၊

ဘင်္ဂလားပင်လယ်အော်က မဟာစင်မုန်တိုင်းဟာ မြန်မာနိုင်ငံကိk မ၀င်တော့ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ၀င်ရောက်သွားတာကြောင့် မုန်တိုင်းဘေးကနေ ကင်းဝေးသွားပြီလို့  မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောဆိုပါတယ်။ ဒေါက်တာထွန်းလွင်ကို မြန်မာစံတော်ချိန် ညနေလေးနာရီမှာမေးမြန်းရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အခုအချိန်က စလို့ နေရာကွက်ပြီး မိုးကြီးမယ်၊ လျှပ်တပြက် ရေကြီးတာတို့  မြေကျွံကျပြီး မြေပြိုတာတို့ တောင်ပေါ်ကားလမ်းတွေ မြေပြိုကျပြီး ပိတ်ဆို့ တာတို့ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သဌာနက ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

မိုးဇလဌာနရဲ့ ညနေ လေးနာရီထုတ်ပြန်ချက်အရ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို တစ်နာရီ မိုင်(၅၀)ကျော်နဲ့ တိုက်ခတ်ဝင်ရောက်နေပြီး မုန်တိုင်းကြောင့် မောင်တောမြို့နယ် ကမ်းခြေ ရေလှိုင်းတွေဟာ (၆) ပေမှ (၈) ပေ ခန့်၊ စစ်တွေခရိုင် ကမ်းခြေတွင် (၄) ပေမှ (၆) ပေခန့်အထိ မြင့်တက်နိုင်တယ်လို့ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ ထိခိုက်သေဆုံးနာကျင်ပျက်စီးမှုလုံးဝမရှိဘူးလို့ ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီတာဝန်ခံ ဦးဝင်းမြိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမှာတော့ မနက်ပိုင်းက လေပြင်းနည်းနည်း တိုက်ခတ်ပြီး မိုးနည်းနည်း ရွာခဲ့သလို ၁၂ နာရီအကျော်မှာတော့ နေထွက်ပြီး ရာသီဥတုက ပုံမှန် ဖြစ်သွားတယ်လို့ စစ်တွေမှာ မုန်တိုင်း သတင်းသွားယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကျော်ဇေယျာဝင်းက ပြောပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်မှာလည်း ရာသီဥတု သာယာနေတယ်လို့ မောင်တောမှာ သတင်းသွားယူနေတဲ့ ဒီဗွီဘီသတင်းထောက် ဖိုးသီဟကပြောပါတယ်။

ရခိုင်ပြည်နယ် မြေပုံအမတ် ဦးဖေသန်းက မုန်တိုင်းဝင်ရောက်နိုင်တယ်လို့ သတိပေးထားတဲ့ မြေပုံမြို့ကတော့ မနက်အရုဏ်မတက်ခင် မိုးရွာတာကလွဲလို့ အေးအေးချမ်းချမ်းပဲ မုန်တိုင်း ကျော်လွန်သွားတယ်လို့ ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular