ချောက်မြို့တွင် မော်တော်ဆိုင်ကယ်များ စည်းကမ်းလိုက်နာမှု အားနည်းနေ
DVB
·
June 22, 2020
မကွေးတိုင်း၊ ချောက်မြို့မှာ မော်တော်ဆိုင်ကယ် မောင်းနှင်သူတွေကို နေ့စဉ် ဖမ်းဆီး အရေးယူနေပေမဲ့ စည်းကမ်းလိုက်နာမှု အားနည်းနေပြီး အရေးယူထားတာ တစ်လအတွင်း အမှု ၄၅၀ လောက်ရှိတယ်လို့ မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။
“လူတွေက ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ တိမ်းမှောက်ရင် အသက်အန္တရာယ် ဖြစ်နေတာတောင် ဂရုမစိုက်ကြလို့ အခုလို ဖြစ်နေတာ။ ဖမ်းတော့လည်း ဖမ်းတဲ့အချိန်သာ ဦးထုပ်ဆောင်းတယ်။ မနက်ဖမ်းရင် မနက်ပဲ ဆောင်းတယ်။ မနက် ညမရွေး ဖမ်းနိုင်မှသာ လိုက်နာမှုအား များလာနိုင်တယ်”လို့ ရဲအရာခံ မျိုးမြင့်အောင်က ပြောပါတယ်။
ချောက်မြို့မှာ ၂၀၂၀ မော်တော်ယာဉ် ဥပဒေကို မေ ၂၆ ရက်က စတင်ပြဋ္ဌာန်းပြီးနောက်မှာ ဆိုင်ကယ်ဦးထုပ်မဆောင်းမှု၊ မီးနီးဖြတ်မောင်းမှု၊ သုံးယောက်စီးမှုတို့ကို နေ့စဉ် စစ်ဆေးခဲ့ပြီး အမှုပေါင်း ဒီကနေ့အထိ ၄၄၆ မှုအထိရှိနေပြီလို့ သိရပါတယ်။
နေ့စဉ် ဆိုင်ကယ်အစီးရေ ၂၀ ခန့်ကို ပုံမှန် အရေးယူနေပြီး ဥပဒေသစ်ပါ ရှေ့မီးဖွင့်မောင်းဖို့နဲ့ မီးအပိုတွေ တပ်ဆင်မှုတွေနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ အရေးယူဖို့ အစီအစဉ်ရှိနေပါတယ်။
ချောက်မြို့နယ်မှာ ယာဉ်စည်းကမ်း စစ်ဆေးမှုတွေကို မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကြီးကြပ်ရေးအဖွဲ့က မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်နဲ့ ရပ်ကျေးအဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။
ကိုလင်း(ချောက်)