Home
မြန်မာသတင်း
ထိုင်းကပြန်လာသူများ လိုက်ပါလာသည့်ယာဉ် ခဲဖြင့်ထုခံရ၊ ၁ ဦး ဒဏ်ရာရရှိ
Aung Ko Latt
·
June 22, 2020
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းအုပ်စု၊ မောင်းကုန်းစစ်ဆေးရေးဂိတ်အနီးမှာ ဇွန်လ ၂၁ ရက်နေ့ ညဦးပိုင်းက ထိုင်းနိုင်ငံက ပြန်လာသူတွေကို တင်လာတဲ့ Express ယာဉ်ကို အမည်မသိ ဆိုင်ကယ်စီးလာသူတွေက ခဲနဲ့ထုခဲ့တာကြောင့် ကားမှန်ကွဲပြီး ကားပေါ်ပါ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ အယောက် ၄၀ ဟာ ကရင်ပြည်နယ်မှာ Quarantine ၂၁ ရက်ဝင်ခဲ့ပြီး ပြည်နယ်အစိုးရအချင်းချင်း ချိတ်ဆက်မှုနဲ့ မြစ်ကြီးနား၊ မိုးကောင်းစတဲ့မြို့နယ်တွေကို နန်းတော်ဝင် Express ကားနဲ့ ပို့ဆောင်ပေးတာဖြစ်ပါတယ်။ မောင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးလှမြင့်က “ကားသမားရဲ့ ပြောပြချက်အရတော့ နောက်ကလိုက်လာတဲ့ ဆိုင်ကယ်က ကျော်တက်ချင်တာ။ လမ်းကျဉ်းတော့ ကျော်မရဘူးပေါ့။ မန္တလေးတိုင်းထဲကနေ စစ်ကိုင်းတိုင်းထဲအဝင် မောင်းကုန်းစစ်ဆေးရေးဂိတ်ရောက်တော့ ကားက ခဏရပ်ချိန်မှာ ဆိုင်ကယ်စီးလာသူတွေက ကားသမားကို စိန်ခေါ်တာပေါ့။ ဂိတ်ကနေ ကားထွက်လာချိန်မှာ ဆိုင်ကယ် ၂ စီး၊ လူ ၅ ယောက်ဖြစ်သွားတယ်။ ရှေ့ကနေ ကြိုစောင့်ပြီး ဆိုင်ကယ်တစ်စီး လူတစ်ယောက်စီ ဆင်းပြီး ကားကို ခဲနဲ့ထုခဲ့ပြီး မန္တလေးတိုင်းဘက် နောက်ကြောင်းပြန် စီးပြေးတာပေါ့” လို့ ပြောပါတယ်။ ကားပေါ်ပါ အမျိုးသမီးတဦးကတော့ ပွန်းပဲ့ထိခိုက်ဒဏ်ရာ အနည်းငယ်ရသွားတယ်။ ရဲကင်းစခန်း တာဝန်ရှိသူတွေရယ်၊ ဆေးမှူးရယ်နဲ့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့အချင်းချင်း ချိတ်ဆက်ကာ တရားခံ ဖမ်းဆီးရမိရေး လုပ်ဆောင်နေတယ်လို့ မောင်းကုန်းရဲကင်းစခန်းမှူး ဒုရဲအုပ် မြတ်ဇွဲမာန်ကိုက ပြောပါတယ်။ နေရပ်ပြန်တွေ တင်ဆောင်လာတဲ့ကားကတော့ ရဲစခန်းစစ်ချက်ယူတာ၊ ဆေးကုသမှုပေးတာတွေ ပြုလုပ်ပြီး ညတွင်းချင်းပဲ ကချင်ပြည်နယ်ကို ဆက်လက်မောင်းထွက်သွားတယ်လို့ သိရပါတယ်။  အရင်ကလည်း အခုလိုဖြစ်စဉ်တွေဖြစ်လေ့ရှိပြီး သက်ဆိုင်ရာ လုံခြုံရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်ပေးစေချင်တယ်လို့ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသိန်းဟန်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024