ဘင်္ဂလားဒေ့ရှ်တွင် အလုပ်ဖြုတ်ခံရသည့် အထည်ချုပ်လုပ်သား ရာချီ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒါကာမှာ အလုပ်ဖြုတ်ခံရတဲ့ အထည်ချုပ် လုပ်သား ရာနဲ့ချီ ဇွန်လ ၂၁ ရက်က စုရုံးဆန္ဒပြခဲ့ပါတယ်။  နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေကို ဝယ်လိုအား နည်းပါးလာနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေးအတွက် စက်ရုံတွေကို ပိတ်ထားပါတယ်။  ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံးအထည်ချုပ်လုပ်ငန်းစု ဝင်ဒီအုပ်စုရဲ့ ဝန်ထမ်းဟောင်းတွေဟာ အလုပ်သမားဝန်ကြီးဌာနရှေ့မှာ နဖူးစည်းစာတမ်းတွေ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။  ဝင်ဒီလုပ်ငန်းစုဟာ သူတို့ စက်ရုံတွေကို လေးငါးလ ပိတ်ထားအပြီး လစာမပေးဘဲ ဝန်ထမ်း ၃ ထောင်ကျော်ကို အလုပ်ဖြုတ်ခဲ့တယ်လို့ အမျိုးသားအထည်ချုပ်လုပ်သားများ အသင်းချုပ် ဥက္ကဋ္ဌက ပြောပါတယ်။  ဝင်ဒီလုပ်ငန်းစုဟာ နာမည်ကျော် နိုင်ငံတကာအထည် အမှတ်တံဆိပ် Zara, H&M နဲ့ ပရီမာ့ခ် တို့လို အထည်တွေကို ထုတ်နေတာပါ၊ ဝင်ဒီအုပ်စုကတော့ စွဲချက်အတွက် မှတ်ချက်တစုံတရာ မထုတ်ပြန်ပါဘူး။  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံ လေးထောင်လောက်ရှိပြီး လူလေးသန်းလောက်ကို အလုပ်အကိုင် ပေးထားပါတယ်။  ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် တကမ္ဘာလုံးက စတိုးဆိုင်တွေ ပိတ်ကြချိန်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလျံတန် အမှာစာတွေကို ဖျက်သိမ်းရွှေ့ဆိုင်းခဲ့တာကြောင့် ဧပြီလဝက်မှာ အထည်ပြည်ပတင်ပို့မှု ၈၄ ရာခိုင်နှုန်း ကျဆင်းခဲ့သလို အမှာစာအသစ် ပမာဏလည်း ကျဆင်း ခဲ့ပါတယ်။  ဒီနှစ်မတ်လကစတဲ့ အမှာစာ ဖျက်သိမ်းမှုတွေကြောင့် အထည်ချုပ်လုပ်သား အယောက် ၁ သောင်း ၇ ထောင်ထက် မနည်း အလုပ်ပြုတ်နိုင်တယ်လို့ အစိုးရက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up