အီတလီကျန်းမာရေးလုပ်သားများကို ကျေးဇူးတင်ဟု ပုပ်ရဟန်းမင်းကြီး ပြော

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဇွန်လ ၂၀ ရက်မှာ ကျင်းပတဲ့ သူ့ရဲ့ပထမဆုံး လူထု တွေ့ဆုံပွဲမှာ အီတလီဆရာဝန်တွေ၊ ကျန်းမာရေးလုပ်သားတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။  ဒါဟာ အီတလီအစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးကန့်သတ်ချက် လော့ဒေါင်းတွေကို ဖယ်ရှားအပြီး ခုလို ပြောလိုက်တာပါ။  ကူးစက်ကပ်ဘေးဒဏ် အဆိုးဆုံး သက်ရောက်ခဲ့တဲ့ အီတလီဒေသတွေက ကျန်းမာရေး လုပ်သားတွေဟာ အီတလီတနိုင်ငံလုံးကို ထောက်မထားတဲ့ ဒေါက်တိုင်တွေထဲက တတိုင်ပဲလို့ သူက ပြောပါတယ်။ ဗာတီကန်မြို့တော်က ကလီမန်တိုင်းခန်းမမှာပြုလုပ်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ လူထုတွေ့ဆုံပွဲကို လွန်ဘာဒီဒေသက ဆရာဝန်တွေနဲ့ သူနာပြုတွေ တက်ရောက်ခဲ့ကြပါတယ်။  ကျန်းမာရေးလုပ်သားတွေဟာ သေခါနီး လူမမာတွေ၊ ချစ်ခင်သူတွေဆီ နောက်ဆုံး နှုတ်ဆက် စကားပြောနိုင်ဖို့ သူတို့ လက်ကိုင်ဖုန်းကို ငှားတဲ့ ပါးစပ်နှာခေါင်းစည်း ဝတ်ထားကြတဲ့ ဘုရား သခင်ရဲ့ တမန်တော်တွေပဲလို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။  ဇွန်လ ၃ ရက်မှာ အီတလီဟာ နိုင်ငံတွင်းက ဒေသတွေကြား သွားခွင့်ပြုရင်း ပုံမှန်နီးပါး အခြေအနေကို ပြန်ရောက်ခဲ့ပါတယ်။  ဒါပေမယ့် အများနဲ့ဆိုင်တဲ့နေရာတွေမှာ လူချင်းခွာခွာနေဖို့ စည်းမျဉ်းတွေနဲ့ ပါးစပ်နှာ ခေါင်းစည်းတွေ ဆက်ဝတ်ဖို့တော့ လိုပါသေးတယ်။  အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဆရာဝန်အယောက် ၁၇၀ နီးပါး အပါအဝင် လူ ၃ သောင်းခွဲနီးပါး သေဆုံးခဲ့လို့ အမေရိကန်၊ ဘရာဇီးနဲ့ဗြိတိန်တို့ပြီးရင် လူသေဆုံးမှု အများဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်။  ပုပ်ရဟန်းမင်းကြီးဟာ အပတ်စဉ်ဟောနေကျ လူထုတရားပွဲတွေကို လူအုပ်နဲ့ မကျင်းပတော့ ဘဲ အင်တာနက်ကတဆင့် တိုက်ရိုက်ထုတ်လွှင့်နေခဲ့တာပါ။  အရင်လက စိန့်ပီတာရင်ပြင် ပြန်ဖွင့်တည်းက ပုပ်ရဟန်းမင်းကြီးဟာ သူ့ပြတင်းပေါက်ကနေ အစဉ်အလာအရဟောတဲ့ တနင်္ဂနွေတရားပွဲကို ပြန်စခဲ့ပေမယ့် လူအယောက် ၅၀ ကိုသာ တက်ရောက်ခွင့် ပြုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up