ကာတာနိုင်ငံက ပြန်လာသူ ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ
DVB
·
June 21, 2020
ကာတာနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ၈နာရီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါလူနာသစ် ၃ ဦးကတော့ ပဲခူးတိုင်း လက်ပံတန်းမြို့နယ်က အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ နေပြည်တော် လယ်ဝေးမြို့နယ်က အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်က အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အားလုံးဟာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားရသူတွေဖြစ်ကြပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၅၆၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၄၅ ခု၊ စုစုပေါင်း ၈၀၉ ခုကို ဒီကနေ့ ညနေမှာ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၃ ဦးထပ်တွေ့ရတာပါ။
ဇွန်လ ၂၁ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၂၉၀ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၀၀ ဦးနဲ့ ဒီအထဲက ဆေးရုံးက ဆင်းခွင့်ပြုခဲ့သူ ၁၈၃ ဦးရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။