Live
Home
မြန်မာသတင်း
အေအေနှင့်ဆက်သွယ်သတင်းရေးသားမှုအတွက် တိုင်ကြားခံရသူ ၄ ဦးကို ညှိနှိုင်းရန် မီဒီယာကောင်စီ ဖိတ်ခေါ်
DVB
·
June 21, 2020
ရခိုင်တပ်မတော်အေအေနဲ့ ဆက်သွယ်ရေးသား သတင်းဖော်ပြခဲ့တဲ့အတွက် တိုင်ကြားခံထားရတဲ့ သတင်းသမား ၄ ယောက်ကို လာရောက် ညှိနှိုင်းဖြေရှင်းဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဖိတ်ခေါ်ထားပါတယ်။ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ရခိုင့်တပ်မတော်အေအေကို ဆက်သွယ်ရေးသား သတင်းဖော်ပြခဲ့တာကြောင့် မန္တလေးအခြေစိုက် (VOM) သတင်းဌာန အယ်ဒီတာချုပ်အပါအဝင် တခြားသတင်ဌာန ၃ ခုက တာဝန်ရှိသူတွေကို သတင်းမီဒီယာ ကျင့်ဝတ်ချိုးဖောက်တယ်ဆိုပြီး မှုခင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဆီကို တိုင်ကြားထားတာပါ။ ဒီတိုင်ကြားတာနဲ့ပတ်သက်ပြီး ကောင်စီက အခုလ ၂၅ ရက်နေ့မှာ လာရောက်တွေ့ဆုံ ဆွေးနွေးဖို့ သတင်းသမား ၄ ဦးကို ဖိတ်ခေါ်ထားပါတယ်။ အရင်က သတင်းသမားတွေ သတင်းရေးသားဖော်ပြတာနဲ့ပတ်သက်ပြီး တရားစွဲဆို အရေးယူချင်ရင် သက်ဆိုင်ရာအာဏာပိုင်ကပဲ တိုက်ရိုက်အရေးယူတာမျိုးတွေပြုလုပ်ခဲ့ပါတယ်။ အရင် မဏ္ဏိုင်လေးရပ်တွေ့ဆုံပွဲတွေမှာ သတင်းသမားတွေ သတင်းရေးသားလို့ တရားစွဲဆိုချင်ရင် မီဒီယာကောင်စီကပဲ ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုတာတွေ ရှိတဲ့အတွက် အခုလို ကောင်စီကို တိုင်ကြားတာဖြစ်နိုင်တယ်လို့ မီဒီယာကောင်စီတာဝန်ရှိသူ ဦးမြင့်ကျော်က ပြောပါတယ်။ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူးတခုအား ဖော်ပြခဲ့တဲ့ (VOM) သတင်းဌာနအယ်ဒီတာချုပ် ကိုနေမျိုးလင်းကို မတ်လက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ရဲတပ်ဖွဲ့ကတ ရားစွဲဆိုဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ မငြိစွန်းတဲ့အတွက် ကိုနေမျိုးလင်းကို ဧပြီ ၉ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး မီဒီယာကောင်စီက ညှိနှိုင်းပေးဖို့ သတင်းရဲတပ်ဖွဲ့က ထပ်မံတိုင်ကြားခဲ့ပါတယ်။ အချုပ်ကလွတ်ပြီးနောက်ရက်မှာ မီဒီယာကောင်စီက လာရောက်ဖို့အကြောင်းကြားပေမယ့် ကိုဗစ်ကာလ ဖြစ်တဲ့အတွက် မသွားရောက်နိုင်ခဲ့ဘဲ အခုလ ၂၅ ရက်နေ့မှာတော့ သွားရောက်ဖြေရှင်း ဖို့ ရှိတယ်လို့ ကိုနေမျိုးလင်းက ပြောပါတယ်။ ကောင်စီကို တိုင်ကြားခံရတဲ့သတင်းသမား ၄ ယောက်ကတော့ မန္တလေးအခြေစိုက် Voice of Myanmar (VOM) အယ်ဒီတာချုပ် ကိုနေမျိုးလင်း၊ ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာအယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်၊ ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာနအယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်နဲ့ အမေရိကန်အခြေစိုက် လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ မြန်မာဌာန ရန်ကုန်ရုံးလက်ထောက်ဌာနမှူး ကိုမိုးမြင့်တို့ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024