A d v e r t i s e m e n t With Us

ပဏာမလက်ရွေးစင်ဘောလုံးအသင်း ဩဂုတ်တွင် ရွေးမည်

မေ ၁၅ ရက်က ရွေးချယ်လိုက်တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ အကြို ရွေးချယ် လိုက်တာဖြစ်ပြီး တကယ့် ပဏာမလက်ရွေးစင် အသင်းကို လာမယ့် ဩဂုတ်လကျမှ အပြီးသတ် ရွေးချယ်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ အခုရွေးချယ်လိုက်တဲ့ ဘောလုံးသမားအယောက် ၃၀ ဟာ လာမယ့်ဆီးဂိမ်းပြိုင်ပွဲဝင်ဖို့ အကြိုရွေးချယ်ထားတာဖြစ်ပြီး တကယ့် လက်ရွေးစင် ဘောလုံးသမားတွေကိုတော့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေ ပြီးမယ့် ဩဂုတ်လကျမှ ရွေးမယ်လို့ ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးက ပြောပါတယ်။ “ဒါက ပဏာမ။ လူငယ်လူသစ်တွေရော လူဟောင်းတချို့လည်း ပါတယ်။ ဩဂုတ်လ ၆-၇ ရက်နေ့လောက်ကျမှ အတည်ပြုပြီး ဖိုင်နယ်ပဏာမ ထပ်ရွေးမယ်။ အဲကျ လူ ၃၀-၃၅ လောက် ရွေးမယ်။ အဲထဲကမှ အကောင်းဆုံး ၂၀ ရွေးမယ်။” အခု လတ်တလောရွေးချယ်လိုက်တဲ့ ဘောလုံးသမားတွေထဲမှာ လက်ရွေးစင်ဟောင်း တွေဖြစ်တဲ့ ဇော်မင်းထွန်း၊ ကြည်လင်းနဲ့ ကျော်ဇေယျာဝင်း စတဲ့ ဘောလုံးသမားတွေ ပါဝင်ပါတယ်။ လာမယ့် ဆီးဂိမ်းပြိုင်ပွဲဝင် ဘောလုံးအသင်းအတွက် လူရွေးချယ်တဲ့အခါ အသက် ၂၃ နှစ်အောက် ဘောလုံးသမားတွေကို ရွေးချယ်ရမှာ ဖြစ်ပြီး လက်ရွေးစင်အဖြစ် ရွေးချယ်သင့်တဲ့ ဘောလုံးသမားတွေကို  အားကစားကလောင်ရှင် ဦးစိုးညီက အခုလို သုံးသပ် ပြောပါတယ်။ “၂၀၁၃ ဆီးဂိမ်းက အိမ်ရှင်လည်းဖြစ်တော့ အကုန်လုံးကမျှော်လင့်တယ်လေ။ အရင်ပြိုင်ပွဲတွေထက် ပိုအရေးကြီးတော့ လူရွေးချယ်မှုအပိုင်းကနေစပြီး သေချာစနစ်တကျ လုပ်သင့်တယ်လို့ ထင်တယ်။ လူရွေးချယ်မှုအပိုင်းမှာလည်း အတွေ့အကြုံရှိသူရော၊ ပါသင့်ပါသင့်ထိုက်သူတွေရော၊ အခြေခံကောင်းတဲ့သူတွေရော မကျန်ခဲ့ရအောင် သေချာစိစစ်ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။” မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ၂၀၀၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတုန်းက ဒုတိယ၊၂၀၁၁ ခုနှစ် ပြိုင်ပွဲတုန်းက တတိယ ရရှိခဲ့ပါတယ်။ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ပထမ ရွှေတံဆိပ် ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာဘောလုံးအသင်းကို မြန်မာအသင်းနည်းပြအဖြစ် ကိုင်တွယ်ခဲ့တာ သက်တမ်း ၂ နှစ်လောက် ရှိပြီဖြစ်တဲ့ ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာကပဲ ဆက်လက်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စုတွေ မထွက်ပေါ်သေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up