ပုပ္ပားတောင်ကလပ် မြေပြိုကျမှု ငွေကျပ် သိန်း ၃၅၀ သုံးစွဲပြီး မြေထိန်းနံရံတည်ဆောက်
DVB
·
June 21, 2020
ပုပ္ပားတောင်ကလပ်က ပတ္တမြားစောင်းတန်း၊ ကျေးရွာမူလွန်ကျောင်းနေရာရှိ တောင်ခြေမြေတွေ ပြိုကျနေတာကြောင့် ပုပ္ပားဂေါပအဖွဲ့က ငွေကျပ် သိန်း ၃၅၀ ခန့် သုံးစွဲပြီး မြေထိန်းနံရံ တည်ဆောက်နေတယ်လို့ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဋ္ဌေးမြင့်က ပြောပါတယ်။
“မြေက တဖြည်းဖြည်းချင်း မိုးရွာတာနဲ့ ဘာနဲ့ ပြိုကျတာ ကျောင်းတံခါးရွက်လောက်အထိ မြေက ပို့နေတာ။ အဲဒါတွေ တူးဖော်ပြီး မြေထိန်းနံရံ တည်ဆောက်နေတာ ကျပ်သိန်း ၃၅၀ လောက် ကုန်တာပေါ့။ တော်တော်လေး ပြီးနေပြီ။ အဓိက ဂေါပကက ကုန်ကျခံတာပေါ့။ ကလေးတွေလည်း အန္တရာယ်ကင်းအောင် တောင်တော်လည်း ရေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်တာပါ။”
ကိုဗစ်-၁၉ ရောဂါကာလတွင် ဘုရားဖူးပြည်သူ လာရောက်မှုမရှိချိန်မှာ ဟောင်းနွမ်းနေတဲ့ အဆောက်အအုံတွေကို ဆေးသုတ်၊ ပြုပြင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်တာအပြင် ပုပ္ပားတောင်ကလပ် တောင်တော်ရေရှည်တည်တံ့ခိုင်မြဲအောင် မြေထိန်းနံရံကို တည်ဆောက်မှုတွေကိုလည်း ဆောင်ရွက်နေပါတယ်။
အဆိုပါနေရာမှာ အရှည် ၁၄၀ ပေ၊ အမြင့် ၁၉ ပေ ရှိတဲ့ ကျောက်ရိုးမြေထိန်းနံရံကို ဘုရားအလှူတော်ငွေ ကျပ်သိန်း ၃၅၀ သုံးစွဲကာ တည်ဆောက်နေတာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကာလမှာ ပုပ္ပားတောင်ကလပ် တောင်ခြေ၊ တောင်လယ်၊ တောင်ထိပ် နေရာ သုံးနေရာမှာ မျောက်စာကျွေးကွင်းတွေ ပြုပြင်ပြီး မျောက်ကစားကွင်းနဲ့ မျောက် ရေဆော့ကစားကန်တွေကိုလည်း တည်ဆောက်ထားကာ ဘုရားဖူးသွားလာခွင့်တွေ ပြန်လည်ရရှိချိန်အတွက် အဆင်သင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ ပုပ္ပားတောင်ကလပ်ကို ကိုဗစ်ကာလ ဘုရားဖူးခွင့် သတ်မှတ်ကာလအထိ နိုင်ငံတော်အစိုးရက ရပ်နားထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)